ရန်ကုန် ၁၉ စက်တင်ဘာ
၁၉၉၉ မှ ၂၀ဝ၃ ခုနှစ်ထုတ် ဘတ်စ်ကားအပ်နှံ၍ လူစီးယာဉ် တင်သွင်းခွင့်ထောက်ခံချက် ထုတ်ယူရန် YRTA သို့ လာရောက်တင်ပြထားခြင်း မရှိသေးကြောင်း ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA)ထံမှ စုံစမ်းသိရှိရသည်။
ထိုသို့ လာရောက်တင်ပြထားခြင်း မရှိသေးသော်လည်း ယာဉ်ပိုင်ရှင်များအနေဖြင့် လူစီးယာဉ် တင်သွင်းခွင့်ထောက်ခံချက် ထုတ်ယူရန်ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA)မှ တွဲဘက်အတွင်းရေးမှူး ဦးလှအောင် က ပြောကြားသည်။
"၁၉၉၉ -၂၀ဝ၃ ခုနှစ်ကို လူစီးယာဉ်တင်သွင်းခွင့်ထောက်ခံချက်နဲ့ အပ်နှံခွင့် ပြုခဲ့ပြီးပါပြီ၊ ပြုခဲ့ပြီးတဲ့အတွက် ကျွန်တော်တို့က YBS ယာဉ်လိုင်းတွေထဲမှာ ၁၉၉၉ -၂၀ဝ၃ ခုနှစ်ထုတ် မော်တော်ယာဉ်တွေ အပ်နှံလိုပါက YRTA ကို စာရင်းပေးပါဆိုပြီး တောင်းထားပါတယ်၊ တချို့လည်း ပြင်ဆင်နေကြပါတယ်၊ ပြင်ဆင်တယ်ဆိုတဲ့နေရာမှာ တချို့ကယာဉ်ပိုင်ရှင်တွေနဲ့ ကုမ္ပဏီတွေနဲ့ ဆွေးနွေးမှုတွေ လုပ်နေပါတယ်၊ အပ်နှံမှုအတွက် တင်ပြဖို့ ပြင်ဆင်နေကြပါတယ်"ဟု ဦးလှအောင် က ပြောသည်။
လက်ရှိ YBS ယာဉ်ထဲတွင် မြို့တော်အင်္ဂါရပ်နှင့် မညီသော စက်စွမ်းအားကျဆင်းပြီး ကြံ့ခိုင်မူ မရှိသည့်ယာဉ်များနှင့် လုပ်ငန်း မလည်ပတ်နိုင်သော ယာဉ်များဖြစ်သည့် ၁၉၉၉ မှ ၂၀ဝ၃ ခုနှစ်ထုတ် ဘတ်စ်ကားများကို အပ်နှံပါက လူစီးယာဉ်တင်သွင်းခွင့် ထောက်ခံချက်ရရှိရေး အထူးကိစ္စရပ်တစ်ခုအနေဖြင့် ဆောင်ရွက်ပေးရန်အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ တင်ပြမှုကြောင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့သည့်လက ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"ယာဉ်ပိုင်ရှင်သည် ဒီကားဟောင်းကြီးတစ်စီးကို သူ့အနေနဲ့ ညီညွတ်မျှတတဲ့ တန်ရာတန်ကြေးရဖို့ အဲဒီရတဲ့ငွေနဲ့ ကုမ္ပဏီမှာ ရှယ်ယာဝင်လို့ရမယ်၊ ဒါ သူ့ကို ရင်းနှီးမြှုပ်နှံဖို့အတွက် လမ်းကြောင်းဖော်ပေးတာ၊ အကယ်လို့ ကျွန်တော် မဝင်ချင်တော့ဘူးဆိုရင်လည်း ညီညွတ်မျှတတဲ့ ယာဉ်အတွက် တန်ရာတန်ကြေးတစ်ခု သူ့ကိုရအောင် စီမံဆောင်ရွက်ပေးတာ၊ ဒါ့ကြောင့် အပ်နှံခွင့်ပေးတာတောင် အထူးကိစ္စတစ်ရပ်အနေဖြင့် အပ်နှံခွင့် ပေးတာဖြစ်ပါတယ်"ဟု ဦးလှအောင် က ဆက်ပြောသည်။
ထိုသို့ အပ်နှံခွင့်ပေးခြင်းဖြင့် လုပ်ငန်းခွင်မဝင်နိုင်သည့် မြေစိုက်နေသော ယာဉ်များ၏ ပိုင်ရှင်များအတွက် အဆင်ပြေကြောင်း Power Eleven အများပိုင် ယာဉ်လိုင်းကော်မတီမှ မန်းနေးဂျင်းဒါရိုက်တာ ကိုတရုတ်လေး က ပြောသည်။
အဆိုပါ အပ်နှံခွင့်နှင့်ပတ်သက်၍လည်း ယာဉ်လိုင်းများကို အသိပေးပြီးဖြစ်ပြီး လက်ရှိ စာရင်းများအရ ၁၉၉၉ မှ ၂၀ဝ၃ ခုနှစ်ထုတ် ဘတ်စ်ကား YBS အစီးရေမှာ ၇၀ဝ ကျော်ရှိကြောင်း သိရသည်။
ထိုသို့ ဘတ်စ်ကားများ အပ်နှံ၍ လူစီးယာဉ်တင်သွင်းမည်ဆိုပါက ယင်းဘတ်စ်ကားရှိ သဘာဝဓာတ်ငွေ့ (CNG)များကို ပြန်လည်အပ်နှံရမည်ဖြစ်ကြောင်း သိရသည်။
"CNG သည် ခရီးသွားပြည်သူလူထု သယ်ယူပို့ဆောင်ရေးအတွက် ပေးထားတာပါ၊ ဒါ့ကြောင့်မလို့ CNG ယာဉ်တွေ ပြောင်းရင်တော့ CNG အပ်နှံရမှာပါ၊ ဒါ ယခင်လဲ ကျင့်သုံးခဲ့တဲ့စနစ်ပါ၊ လက်ရှိလဲ ဒီအတိုင်းဘဲ ကျင့်သုံးနေပါတယ်၊ အခု ၁၉၉၉ -၂၀ဝ၃ ခုနှစ် အပ်လို့ လူစီးယာဉ်တင်သွင်းခွင့်ရတဲ့အတွက် အဲဒီယာဉ်တွေအားလုံးသည် CNG ကို ပြန်လည်အပ်နှံခဲ့ရမှာဖြစ်ပါတယ်၊ ခရီးသွားပြည်သူလူထု သယ်ယူပို့ဆောင်ရေး မဟုတ်တဲ့ဟာ ပြောင်းလဲသွားလို့ရှိရင် အဲဒီယာဉ်တွေအားလုံးသည် CNG အပ်ရပါမယ်"ဟု ဦးလှအောင် က ပြောသည်။
ပြည်ထောင်စုအစိုးရအနေဖြင့် ယာဉ်အိုယာဉ်ဟောင်း အပ်နှံမှုကို ၂၀၁၁ ခုနှစ်မှစ၍ အပ်နှံခွင့် ပြုထားသော်လည်း ယနေ့အချိန်ထိ ၁၉၉၉ ခုနှစ် ကားများသာ အပ်နှံခွင့်ရရှိသေးကြောင်း သိရသည်။
Nyein Nyein


