အောက်တိုဘာ ၆

 

၁၉၉၉ မှ ၂၀ဝ၃ ခုနှစ်ထုတ် ဘတ်စ်ကားများအပ်နှံ၍ လူစီးယာဉ်တင်သွင်းခွင့်ထောက်ခံချက် ထုတ်ယူရန် YRTA သို့ လာရောက်တင်ပြထားသည့် အစီးရေ ၈၀ ခန့်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA)မှ တွဲဘက်အတွင်းရေးမှူး ဦးလှအောင်က ပြောသည်။

 

"လောလောဆယ် ကျွန်တော်တို့ဆီကို စီးတီးဘက်စ် ၇၅ စီးနဲ့ မီနီဘက်စ်တစ်စီးကတော့ အပ်ခွင့်အတွက် တင်ထားပြီးဖြစ်ပါတယ်၊ အဲဒီအတွက် ကျွန်တော်တို့ စီစစ်ပြီးရင် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့၏ စိစစ်ထောက်ခံချက်ဖြင့် အထူးကိစ္စရပ်အနေနဲ့ အပ်နှံခွင့်ပေးမှာ ဖြစ်ပါတယ်၊ ဒါကြောင့်မလို့ ကျွန်တော်တို့က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကို တင်ပြပြီးတော့ အပ်နှံခွင့်ရရှိရေးကို ဆက်လက်ဆောင်ရွက်ပေးသွားပါ့မယ်"ဟု ဦးလှအောင်က ပြောသည်။

 

လက်ရှိ YBS ယာဉ်များအတွင်းတွင် မြို့တော်အင်္ဂါရပ်နှင့် မညီသော စက်စွမ်းအားကျဆင်းပြီး ကြံ့ခိုင်မူ မရှိသည့်ယာဉ်များနှင့် လုပ်ငန်းမလည်ပတ်နိုင်သော ယာဉ်များဖြစ်သည့် ၁၉၉၉ မှ ၂၀ဝ၃ ခုနှစ်ထုတ် ဘတ်စ်ကားများကို အပ်နှံပါက လူစီးယာဉ်တင်သွင်းခွင့် ထောက်ခံချက်ရရှိရေး အထူးကိစ္စရပ်တစ်ခုအနေဖြင့် ဆောင်ရွက်ပေးရန်အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ တင်ပြမှုကြောင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။

 

"ယာဉ်ပိုင်ရှင်သည် ဒီကားဟောင်းကြီးတစ်စီးကို သူ့အနေနဲ့ ညီညွတ်မျှတတဲ့ တန်ရာတန်ကြေးရဖို့ အဲဒီရတဲ့ငွေနဲ့ ကုမ္ပဏီမှာ ရှယ်ယာဝင်လို့ရမယ်၊ ဒါ သူ့ကို ရင်းနှီးမြှုပ်နှံဖို့အတွက် လမ်းကြောင်း ဖော်ပေးတာ၊ အကယ်လို့ ကျွန်တော် မဝင်ချင်တော့ဘူးဆိုရင်လည်း ညီညွတ်မျှတတဲ့ ယာဉ်အတွက် တန်ရာတန်ကြေးတစ်ခု သူ့ကိုရအောင် စီမံဆောင်ရွက်ပေးတာ၊ ဒါ့ကြောင့် အပ်နှံခွင့်ပေးတာတောင် အထူးကိစ္စတစ်ရပ်အနေဖြင့် အပ်နှံခွင့်ပေးတာဖြစ်ပါတယ်"ဟု ဦးလှအောင်က ဆက်ပြောသည်။

 

ထိုသို့ အပ်နှံခွင့်ပေးခြင်းဖြင့် လုပ်ငန်းခွင်မဝင်နိုင်သည့် မြေစိုက်နေသော ယာဉ်များ၏ ပိုင်ရှင်များ အတွက် အဆင်ပြေကြောင်း Power Eleven အများပိုင်ယာဉ်လိုင်းကော်မတီမှ မန်းနေးဂျင်း ဒါရိုက်တာ ကိုတရုတ်လေးက ပြောသည်။

 

အဆိုပါ အပ်နှံခွင့်နှင့်ပတ်သက်၍လည်း ယာဉ်လိုင်းများကို အသိပေးပြီးဖြစ်ပြီး လက်ရှိ စာရင်းများ အရ ၁၉၉၉ မှ ၂၀ဝ၃ ခုနှစ်ထုတ် ဘတ်စ်ကား YBS အစီးရေမှာ ၇၀ဝ ကျော်ရှိကြောင်း သိရသည်။

 

ထိုသို့ ဘတ်စ်ကားများ အပ်နှံ၍ လူစီးယာဉ်တင်သွင်းမည်ဆိုပါက ယင်းဘတ်စ်ကားရှိ သဘာဝ ဓာတ်ငွေ့(CNG)များကို ပြန်လည်အပ်နှံရမည်ဖြစ်ကြောင်း သိရသည်။

 

"CNG သည် ခရီးသွားပြည်သူလူထု သယ်ယူပို့ဆောင်ရေးအတွက် ပေးထားတာပါ၊ အခု ၁၉၉၉ -၂၀ဝ၃ ခုနှစ်အပ်လို့ လူစီးယာဉ်တင်သွင်းခွင့်ရတဲ့အတွက် အဲဒီယာဉ်တွေအားလုံးသည် CNG ကို ပြန်လည်အပ်နှံခဲ့ရမှာ ဖြစ်ပါတယ်၊ ခရီးသွားပြည်သူလူထု သယ်ယူပို့ဆောင်ရေး မဟုတ်တဲ့ဟာ ပြောင်းလဲသွားလို့ရှိရင် အဲဒီယာဉ်တွေအားလုံးသည် CNG အပ်ရပါမယ်"ဟု ဦးလှအောင်က ပြောသည်။

 

ပြည်ထောင်စုအစိုးရအနေဖြင့် ယာဉ်အိုယာဉ်ဟောင်းအပ်နှံမှုကို ၂၀၁၁ ခုနှစ်မှစ၍ အပ်နှံခွင့်ပြုထားသော်လည်း ယနေ့အချိန်ထိ ၁၉၉၉ ခုနှစ် ကားများသာ အပ်နှံခွင့်ရရှိသေးကြောင်း၊ ထိုသို့ အပ်နှံရာတွင်လည်း ဘက်စ်ကားအပ်နှံလျှင် ဘက်စ်ကားတင်သွင်းခွင့်၊ ထရပ်ကားအပ်နှံလျှင် ထရပ်ကားတင်သွင်းခွင့်၊ လူစီးယာဉ်အပ်နှံလျှင် လူစီးယာဉ်တင်သွင်းခွင့် ပေးသည့်စနစ်ဖြင့် နှစ် ၂၀ အခြေခံသည့်ယာဉ်များ ယာဉ်အိုယာဉ်ဟောင်း အပ်နှံခြင်းကို ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

 

ငြိမ်းငြိမ်း