လွိုင်ကော် ၈ မတ်
ကယားပြည်နယ်လုံးဆိုင်ရာ (၁၉)ကြိမ်မြောက်၊ ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားကို မတ် ၈ ရက် နံနက် ပိုင်းတွင် လွိုင်ကော်မြို့နယ်၊ နွားလဝိုးကျေးရွာအုပ်စု ပဒါးညေးကျေးရွာ၌ ကျင်းပပြုလုပ်ရာ ကယားပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး၊ ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်/ ခရိုင်/ မြို့နယ် အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကယားပြည်နယ်အတွင်းရှိ ပအိုဝ်း တိုင်းရင်းသား/ တိုင်းရင်းသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအလံအား အလေးပြုခြင်းနှင့် ပအိုဝ်းတိုင်းရင်းသား အလံအား အလေးပြုခြင်းများဆောင်ရွက်ကြပြီး သဘာပတိ ဦးခွန်အုံးဖေလေးမှ ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။

ထို့နောက် ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက ကယားပြည်နယ်လုံးဆိုင်ရာ (၁၉)ကြိမ်မြောက်၊ ပအိုဝ်းအမျိုးသားနေ့ အထိမ်းအမှတ် အဖွင့်အမှာစကားပြောကြားရာတွင် အရပ်သားအစိုးရလက်ထက်တွင် ကျင်းပပြုလုပ်သည့် ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားအား နှစ်စဉ်နှစ်တိုင်း တက်ရောက်အားပေးခဲ့ပါကြောင်း၊ ပအိုဝ်းတိုင်းရင်းသားများသည် လူနည်းစုဖြစ်သော်လည်း ပစ်မထားဘဲ၊ မခွဲခြားဘဲ၊ တန်းတူညီတူ ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု ကော်မတီရုံးကိုလည်း ဖွင့်လှစ်ထားရှိပြီး ကယားပြည်နယ်အစိုးရအဖွဲ့မှ ပဒါးညေးကျေးရွာတွင်လည်း ပအိုဝ်းတိုင်းရင်းသားလူမျိုးများအတွက် အဆောက်အဦ ဆောက်လုပ်ပေးထားပါကြောင်း၊ ပအိုဝ်းတိုင်းရင်းသားအနေဖြင့်လည်း မိမိတို့၏ရိုးရာ ဓလေ့ထုံးတမ်းနှင့် စာပေယဉ်ကျေးမှုများကို ထိန်းသိမ်းထားရှိပြီး နိုင်ငံတော်၏ ရေရှည်တည်တံခိုင်မြဲစေရန်အတွက် တိုင်းရင်းသားအားလုံးတွင် တာဝန်ရှိပါကြောင်းဖြင့် ပြောကြားခဲ့သည်။
ဆက်လက်ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံမှ ပေးပို့လာသော သဝဏ်လွှာအား ဖတ်ကြားခြင်းနှင့် ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်မှ ပေးပို့သောသဝဏ်လွှာများအား တာဝန်ရှိသူများမှ ဖတ်ကြားခြင်းများ ဆောင်ရွက်သည်။
ယင်းနောက် ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က ပအိုဝ်းအမျိုးသား စာပေနှင့် ယဉ်ကျေးမှုအဖွဲ့အား ငွေကျပ်(၅)သိန်း ထောက်ပံ့ပေးအပ်ခြင်းနှင့် ထူးချွန်ကျောင်းသား/ ကျောင်းသူ လူငယ်များအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထို့နောက် ကယားပြည်နယ် ပအိုဝ့်အမျိုးသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ ဥက္ကဋ္ဌ ခွန်ဟန်ဆောင်မှ ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
ထွန်းလေး