နေပြည်တော် ၃၀  ဒီဇင်ဘာ 

 

(၁၉)ကြိမ်မြောက် တိရစ္ဆာန်ဆေးကုဆရာဝန် မှတ်ပုံတင်လက်မှတ် အပ်နှင်းခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ရေဆင်းတက္ကသိုလ်များနယ်မြေရှိ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ဝန်ကြီးဌာနအနေဖြင့် နိုင်ငံ၏ အသားကဏ္ဍဖွံ့ဖြိုးရေး၊ ဘေးအန္တရာယ်ကင်းရှင်းသော စားနပ်ရိက္ခာထုတ်လုပ်ရေးနှင့် စဉ်ဆက်မပြတ် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးကို ဆောင်ရွက်လျက်ရှိကြောင်း၊ ကျေးလက်ဒေသများသို့ ပျံ့နှံ့ရာက်ရှိနေသော တိရစ္ဆာန်ဆေးကုဆရာဝန်များသည် မွေးမြူရေးပညာပေးခြင်းနှင့် ကာကွယ်ကုသခြင်းများကို ဆောင်ရွက်ပေးခြင်းဖြင့် ထုတ်လုပ်မှုတိုးတက်ပြီး မိသားစုဝင်ငွေ တိုးတက်လာစေမည့် တစ်ပိုင်တစ်နိုင် မွေးမြူရေးမှ စီးပွားဖြစ်မွေးမြူရေးအထိ တိုးချဲ့မွေးမြူ လုပ်ကိုင်နိုင်ကြမည်ဖြစ်ကြောင်း၊ တိရစ္ဆာန်တွင် ဖြစ်ပွားသည့် ကူးစက်ရောဂါများ၏ ၆၀ ရာခိုင်နှုန်းကျော်သည် လူသို့ ကူးစက်ပြန့်ပွားသည့််အတွက် တိရစ္ဆာန် ကျန်းမာရေးစောင့်ရှောက်မှုနှင့် မွေးမြူရေးလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်နေသည့် တိရစ္ဆာန်ဆေးကု ဆရာဝန်များအနေဖြင့် တိရစ္ဆာန်ကူးစက်ရောဂါများကို အချိန်မီထိန်းချုပ်ပေးနိုင်ခြင်းဖြင့် ပြည်သူ့ကျန်းမာရေးကို အထောက် အကူပေးနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။

 

ယနေ့အခမ်းအနားတွင် တိရစ္ဆာန်ဆေးကုဆရာဝန်လက်မှတ် လက်ခံယူကြသော ဆရာဝန် ၂၁၈ ဦး အပါအဝင် မွေးမြူဆေးကုဆရာဝန် ၄၇၅၁ ဦးကို မှတ်ပုံတင်ခွင့်ပြုပြီးဖြစ်ကြောင်း သိရှိရသည်။ 

 

(သတင်းစဉ်)