နေပြည်တော် ၃၀ မေ
အခြေခံပညာကျောင်းများတွင် နို့တိုက်ကျွေးရေးအစီအစဉ် (School Milk Program) ပိုမိုထိရောက် အောင်မြင်စွာ ရာနှုန်းပြည့်ဖော်ဆောင်သွားနိုင်ရန်အတွက် နိုင်ငံတော်မှသီးသန့်ရန်ပုံငွေ ချထားပေးနိုင်ခြင်း မရှိသော်လည်း ကျောင်းဖွံ့ဖြိုးတိုးတက်မှု အထောက်အကူပြုဆိုင်ရာ (SISP) ရန်ပုံငွေမှ အစားအစာ ရိက္ခာခေါင်းစဉ်ဖြင့် နွားနို့တိုက်ကျွေးခြင်းလုပ်ငန်းများအတွက် ကျခံသုံးစွဲနိုင်ရေး စီမံဆောင်ရွက်ထားကြောင်း ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ရှင်းလင်းဖြေကြားသည်။
ယနေ့ကျင်းပသည့် ဒုတိယအကြိမ်မြောက် ပြည်သူ့လွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၃) ရက်မြောက်နေ့တွင် ရှမ်းပြည်နယ် (တောင်ပိုင်း) မောက်မယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဦးစိုင်းငေါင်းဆိုင်ဟိန်းက အခြေခံပညာကျောင်းများတွင် နို့တိုက်ကျွေးခြင်းလုပ်ငန်း (School Milk Program) ပိုမိုထိရောက်အောင်မြင်စွာ ရာနှုန်းပြည့်ဖော်ဆောင်သွားနိုင်ရန် နိုင်ငံတော်အစိုးရမှ မည်သို့ ဆက်လက်ကူညီပံ့ပိုးပေးမည်နှင့် ယင်းလုပ်ငန်းစဉ်အတွက် သီးသန့်ရန်ပုံငွေ ချထားပေးရန် အစီအစဉ် ရှိ၊ မရှိ ကြယ်ပွင့်ပြမေးခွန်းအား ဒုတိယဝန်ကြီး ဦးလှကျော်က ထိုကဲ့သို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါ မေးခွန်းနှင့်ပတ်သက်၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းငေါင်းဆိုင်ဟိန်းက “ဒီနေ့ မေးခွန်းမေးတာကတော့ အခြေခံပညာသင်ကျောင်းတွေက မူလတန်းအဆင့်ကလေးတွေကို မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ဦးစီးပြီး နို့တိုက်ကျွေးရေးလုပ်ငန်းတွေ အဓိက တာဝန်ယူလုပ်ဆောင်နေတာရှိပါတယ်၊ မြို့နယ်ငယ်တွေအနေနဲ့ ရန်ပုံငွေစုဆောင်းရရှိရေးအတွက် ဌာနဆိုင်ရာတွေ၊ လူမှုအသင်းအဖွဲ့တွေ၊ ကျောင်းသား မိဘတွေစတဲ့ အလှူရှင်တွေ စုပေါင်းအားနဲ့ တစ်လမှာ တစ်ကျောင်းနှုန်း တိုက်ကျွေးနိုင်ဖို့ မနည်းကြိုးစားဆောင်ရွက် နေရပါတယ်၊ ကျောင်းသားဦးရေ နည်းတဲ့ကျောင်းလေးတွေမှာပဲ အလှူရှင် တွေရဲ့ အင်အားနဲ့လုပ်နေ ရတယ်။ ဒါကိုအစိုးရအနေနဲ့ အားလုံးမလွှမ်းခြုံနိုင်သေးဘူး ဆိုရင် တောင်မှပဲ တစ်ခုခုလုပ်ပေးစေချင်တယ်၊ ဥပမာ မြစိမ်းရောင်လို အရင်းမပျောက်ရန်ပုံငွေမျိုးနဲ့ ဆောင်ရွက်ပေးမယ်ဆိုရင် ပိုကောင်းမယ်ပေါ့။ ဒီလုပ်ငန်းက အင်မတန် ကြီးမားကျယ်ပြန့်ပြီး ရန်ပုံငွေများစွာ လိုအပ်တဲ့ လုပ်ငန်း ဖြစ်ပါတယ်၊ ဒါကြောင့် ခိုင်မာတောင့် တင်းတဲ့ မတည်ရန်ပုံငွေ တစ်ရပ်လိုအပ်နေတာကြောင့် ဒီမေးခွန်းကို မေးမြန်းတာဖြစ်ပါတယ်” ဟု ပြောကြားသည်။
ယင်းမေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးလှကျော်က ဖြေကြားရာ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနသည် မြန်မာနိုင်ငံတွင် အများပြည်သူများ သန့်ရှင်း လတ်ဆတ်သော နွားနို့သောက်သုံးသည့် အလေ့အကျင့်ကောင်းများဖြစ်ပေါ်လာစေရန်၊ နွားနို့ သောက်သုံး မှုများလာခြင်းကြောင့် နို့စားနွားမွေးမြူရေးဖွံ့ဖြိုးတိုးတက်လာစေခြင်းနှင့်အတူ ကျေးလက် လူမှု စီးပွားဘဝတိုးတက်မှုအား တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ Tetra Laval ကုမ္ပဏီ၊ Nestle ကုမ္ပဏီ ၊ CP ကုမ္ပဏီ ၊ Alliance Star ကုမ္ပဏီ ၊ မွေးမြူရေး လုပ်ငန်းအဖွဲ့ချူပ်နှင့် မွေးမြူရေး နှင့်ကုသရေးရေးဦးစီးဌာနမှ ဦးစီးပြီး နို့ပေါင်းစက်အခြေပြုနို့တိုက်ကျွေးခြင်း အပါအဝင် တစ်ဦးချင်းအလှူရှင်များက အခြေခံပညာ ကျောင်းများတွင် စဉ်ဆက်မပြတ် နို့တိုက်ကျွေးရေးလုပ်ငန်း (School Milk Program) ကို ၂၀၁၂-၂၀၁၃ ပညာနှစ်တွင် ပြည်ထောင်စုနယ်မြေမှ စတင်၍ အကောင် အထည် ဖော်ဆောင်ရွက်ခဲ့ကြောင်း။
အဆိုပါ အစီအစဉ် စတင်ဆောင်ရွက်ခဲ့သည့် ၂၀၁၂-၂၀၁၃ ပညာသင်နှစ်မှစ၍ ၂၀၁၈-၁၉ ပညာသင်နှစ် အထိ အခြေခံပညာကျောင်းပေါင်း ၁၃၀ဝ၀ နီးပါးရှိ ကျောင်းသားပေါင်း ၂၆၀ဝ၀ဝ၀ ကျော်ကို နိ်ု့တိ်ုက်ကျွေး ခဲ့ကြောင်း၊ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနအနေဖြင့် တစ်ဖက်မှလည်း နို့ထုတ်လုပ်မှု တိုးတက်လာရေး အတွက် နို့စားနွားမွေးမြူရေး လုပ်ငန်း စီမံချက်ကို ၂၀၁၅-၁၆ ဘဏ္ဍာနှစ်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအချိန်အထိ နိုင်ငံတော်၏ ထောက်ပံ့ငွေ ကျပ်သန်းပေါင်း ၁၃၁၀ တိတိသုံးစွဲ၍ နို့စားနွားကောင်ရေ ၁၂၇၇ ကောင် ဖြန့်ဖြူးပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနအနေဖြင့် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ အခြေခံပညာ ထက်၊ လယ်၊ မူကျောင်းများ၊ ရန်ကုန်ပညာရေးတက္ကသိုလ် (လေ့ကျင့်ရေး အထက်တန်း ကျောင်း)၊ စစ်ကိုင်းပညာရေးတက္ကသိုလ်(လေ့ကျင့်ရေးအထက်တန်းကျောင်း)၊ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေး တက္ကသိုလ်(စစ်ကိုင်း)(လေ့ကျင့်ရေးအထက်တန်း)၊ ပညာရေးကောလိပ်များရှိ (လေ့ကျင့်ရေး အလယ်တန်းကျောင်းများ) နှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများတွင် ကျောင်းဖွံ့ဖြိုးတိုးတက်မှု အထောက်အကူပြုဆိုင်ရာ (SISP) ရန်ပုံငွေများကို ဖြည့်ဆည်းခွဲဝေ ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် နို့တိုက်ကျွေးခြင်းအတွက် သီးသန့်ရန်ပုံငွေချထားပေးနိုင်ခြင်းမရှိသော်လည်း အဆိုပါ SISP ရန်ပုံငွေမှ အစားအစာရိက္ခာခေါင်းစဉ်ဖြင့် နွားနို့တိုက်ကျွေးခြင်းလုပ်ငန်းများအတွက် ကျခံသုံးစွဲနိုင်ရေး စီမံဆောင်ရွက် ထားကြောင်း ဒုတိယဝန်ကြီး ဦးလှကျော်က ရှင်းလင်းဖြေကြားသည်။
ဒုတိယဝန်ကြီး ဆက်လက်ဖြေကြားရာ ပညာရေးဝန်ကြီးဌာနမှ ရရှိသော အချက်အလက်စာရင်း ဇယားများအရ နေပြည်တော်ကောင်စီအပါအဝင် ပြည်နယ်နှင့်တိုင်းဒေသကြီးများအားလုံးတွင် မူလတန်း ကျောင်းပေါင်း ၂၆၉၁၇ ကျောင်းရှိပြီး ကျောင်းသား၊ ကျောင်းသူဦးရေ ၄၉၉၁၆၅၆ ဦး ပညာသင်ကြားလျက်ရှိ ကြောင်း၊ အသက်အရွယ်အလိုက် မူလတန်းကျောင်းသားကျောင်းသူတစ်ဦး တစ်နေ့လျှင် သောက်သုံးသင့် သည့် နွားနို့ပမာဏသည် ပျှမ်းမျှ ၆၆၀ မီလီလီတာဖြစ်ကြောင်း၊ လက်ရှိတွင် မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနနှင့် အလှူရှင်များက တိုက်ကျွေးသည့် နွားနို့ပမာဏမှာ မူလတန်းအဆင့်ကျောင်းသားကျောင်းသူ တစ်ဦးကို တစ်နေ့လျှင် နွားနို့ပမာဏ ၂၅၀ မီလီလီတာခန့်ရှိ၍ ခန့်မှန်းတန်ဖိုးအားဖြင့် ငွေကျပ် ၄၀ဝ ရှိသည့်အတွက် အဆိုပါနှုန်းဖြင့် ကျောင်းဖွင့်ရက်များတွင်ကျောင်းသားကျောင်းသူ သိန်း ၅၀ နီးပါးအတွက် ပညာသင်နှစ်တစ်နှစ်လျှင် စုစုပေါင်း ငွေကျပ် ဘီလီယံ ၃၆၀ ခန့်ကုန်ကျမည်ဖြစ်ကြောင်း၊ အဆိုပါ လုပ်ငန်းသည် ကုန်ကျစရိတ်များပြားလွန်းသည့်အတွက် သီးသန့်ရန်ပုံငွေ ချထားပေးနိုင်ခြင်းမရှိသေး သော်လည်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနအနေဖြင့် ပြည်သူများစားသုံးမည့် နို့နှင့်နို့ထွက်ပစ္စည်းများ ပြည့်မီအောင်ထုတ်လုပ် နိုင်ရေးအတွက် နို့စားနွားမွေးမြူရေးဖွံ့ဖြိုးတိုးတက်လာစေရန် ဆောင်ရွက် လျက်ရှိပြီး နို့တိုက်ကျွေးရေး အစီအစဉ်ကိုလည်း အထောက်အပံ့ပေးလျက်ရှိကြောင်း ဒုတိယဝန်ကြီးက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။
သတင်း - ဇင်ဦး၊ နေဝင်းထွန်း(မြန်မာ့အလင်း)
ဓာတ်ပုံ - သီဟစည်သူ