ရန်ကုန် ၂ အောက်တိုဘာ
၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် အသုံးစရိတ်များမှာ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ သဘောဆန္ဒနှင့်အညီ လွှတ်တော်က အတည်ပြုလိုက်သော ခေါင်းစဉ်ပြောင်းလဲသုံးစွဲမှုများနှင့်ပတ်သက်၍ အမှန်တကယ် သုံးစွဲရာတွင် ကိုက်ညီမှုမရှိကြောင်း ဒဂုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောဆိုသည်။
“ယခု ၂၀၁၆-၂၀၁၇ ဘဏ္ဏာရေးနှစ်အတွင်းမှာ ယခင်အစိုးရခန့်ခွဲခဲ့တာကို အတည်ပြုပေးရ တာဖြစ်ပါ တယ်။ ပြန်လည်အတည်ပြုတဲ့နေရာမှာ လွှတ်တော်ကအတည်ပြုပြီး ခေါင်းစဉ်ပြောင်းလဲသုံးခဲ့တယ်။ ဥပမာ မြောက်ဥက္ကလာပခုံးကျော်တံတားနဲ့ ပါရမီခုံးကျော်တံတား စီမံကိန်းအတွက် လျာထားငွေကျပ် ၃၂ ဘီလီယံ သုံးစွဲတည်ဆောက်ဖို့ကို ဖျက်သိမ်းခဲ့ပြီး စည်ပင်ပြင်ပမြို့နယ်တွေရဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေလုပ်မယ်ဆိုပြီး လွှတ်တော်က အတည်ပြုခဲ့တယ်။ ဒါပေမယ့် တကယ်အစီရင်ခံစာထွက်လာတော့ စည်ပင်ပြင်ပမြို့ နယ်များသာမဟုတ်ဘဲ အတွင်းမြို့နယ်တွေဖြစ်တဲ့ ဒဂုံဆိပ်ကမ်း၊ ဒလနဲ့ ဆိပ်ကြီးခနောင်တိုတို့ ပါလာတယ်။ ဒါတွေက မဖြစ်သင့်ဘူး။ တကယ်ဆို ပြန်လည်စိစစ်သင့်ပါတယ်” ဟု ပြောဆိုခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးစာရင်းစစ်ချုပ်၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် စစ်ဆေးတွေ့ရှိချက် အစီရင် ခံစာ နှင့် ပတ်သက်၍ ပြည်သူ့ငွေစာရင်းကော်မတီလေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင် ခံစာနှင့် ပတ်သက်၍ ယမန်နေ့က တိုင်းဒေသကြီးလွှတ်တော်၌ ဆွေးနွေးရာတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)ကိုယ်စားလှယ် ဦးကျော်ဇေယျက အထက်ပါအတိုင်း ထည့်သွင်းပြောဆို ဝေဖန်ထောက် ပြခဲ့ခြင်းဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အစီရင်ခံစာသည် လွှတ် တော်ကိုယ်စားလှယ်များထံသို့ ပြီးခဲ့သော သြဂုတ် ၂၇ ရက်က ရောက်ရှိခဲ့သည်။ ယင်းအပေါ်တွင်လည်း လွှတ်တော်ကိုယ်စားလှယ်က ယခုလို နောက်ကျမှရောက်သည်ကလည်း မဖြစ်သင့်ကြောင်း၊ ယခုကဲ့သို့ အစီရင်ခံစာများကို အစောတလျင်ရဖို့ လိုအပ်ကြောင်းနှင့် နောက်လာမယ့် စာရင်းစစ်အစီရင်ခံစားတွေကို ယခုကဲ့သို့ နောက်ကျမှတင်ပြခြင်းက မပြုသင့်ကြောင်းကိုလည်း ၄င်းက လွှတ်တော်၌ ပြောဆိုအကြံပြုခဲ့သည်။
“၂၀၁၆-၂၀၁၇ ဘဏ္ဏာရေးနှစ် ရန်ကုန်တိုင်းဒေသကြီးအစိုးရ စာရင်းစစ်ချုပ် အစီရင်ခံစာက ငါးလ ကျော်လောက် နောက်ကျခဲ့တယ်။ ၂၀၁၇-၂၀၁၈ အစီရင်ခံစာ လာဦးမယ်။ ၂၀၁၈ ခုနှစ်အတွင်း ဘတ်ဂျက် ပြောင်းသွားတဲ့အတွက် ဧပြီလမှ စက်တင်ဘာ ခြောက်လအစီရင်ခံစာလာဦးမယ်။ ဒီအစီရင်ခံစာတွေကို အဆောတလျင်ရဖို့ အကြံပြုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ယခင်ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ အစီရင်ခံစာတွေထွက်ပါတယ်။ လေ့လာတဲ့အခါမှာ ဘတ်ဂျက်ပိတ်ပြီး အဆောတလျင် ထွက်နိုင်ခဲ့ တယ်” ဟု ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ခုံးကျော်တံတားကြီးနှစ်စင်း တည်ဆောက်မည့်စီမံကိန်းကို လွှတ်တော်မှပယ်ဖျက်အတည်ပြုခဲ့ပြီး ရန်ကုန်ုတိုင်းဒေသေကြီးအတွင်းရှိ စည်ပင်ပြင်ပ ၁၂ မြို့နယ်ဖွံ့ဖြိုးတိုး တက်မှုလုပ်ငန်းများသုံးစွဲရန် မဲခွဲဆုံးဖြတ် အတည်ပြုခဲ့သည်။ ယင်းအတည်ပြု ချက်အရ ကိုကိုးကျွန်းမြို့နယ်၌ ဓမ္မာရုံနှင့် ရိပ်သာဆောက်မှုလုပ်ငန်းများ တွေ့ရှိခဲ့သော်လည်း ကျန် ၁၁ မြို့နယ်တွင် တိကျသောလုပ်ငန်းအကောင်ထည်ဖော်မှုများ မတွေ့ရကြောင်းနှင့် အများဆုံးအသုံးပြုခဲ့သော လှည်းကူးမြို့နယ်တွင် ငွေကျပ်သန်းပေါင်း ၃၇၇၁ ဒသမ ၁၅၄ သန်းနှင့် အနည်းဆုံးအသုံးပြုခဲ့သော ခရမ်းမြို့နယ်တွင် ငွေကျပ် ၂၂၂၈ ဒသမ ၁၂ ကျပ်သန်းသုံးစွဲခဲ့ကြောင်း သိရသည်။ ယင်းသုံးစွဲမှုများနှင့် ပတ်သက်ပြီး လုပ်ငန်းသုံးစွဲမှုတွေမှာ ဘာတွေကို ဘယ်လိုအခြေခံပြီး သုံးတာလဲ။ မြို့နယ်အကျယ်အဝန်း ကိုတွက်တာလား၊ လူဦးရေကို တွက်တာလား။ ဒါတွေကလည်း ပြန်လည် စိစစ်ဖို့ လိုပါတယ် ဟု လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောကြားခဲ့သည်။
မောင်စိန်လွင်(မြန်မာ့အလင်း)
ဓာတ်ပုံ- မင်းထက်