၂၀၁၇ ခုနှစ် နှစ်လယ်ပိုင်းက “NotPetya” ransomware ဆိုက်ဘာ တိုက်ခိုက်မှုနှင့် ပတ်သက်၍ ရုရှားအား အပြစ်တင်

ဝါရှင်တန် ၁၇ ဖေဖော်ဝါရီ

 

၂၀၁၇ ခုနှစ် ဇွန်လလောက်က တစ်ကမ္ဘာလုံးက ကွန်ပျူတာတွေမှာ “NotPetya” ransomware ဗိုင်းရပ်စ်ဖြင့် အတိုက်ခိုက်ခံရမှုနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ ဗြိတိန်ဟာ ရုရှားစစ်တပ်ကို ပြစ်တင်စွပ်စွဲလိုက်ပါတယ်။

 

အဆိုပါ ဆိုက်ဘာတိုက်ခိုက်မှုဟာ ယူကရိန်းကို တည်ငြိမ်မှုပျက်ပြားဖို့ ကရင်မလင်ရဲ့ အားထုတ်မှုဖြစ်ကြောင်း၊ ရုရှားဟာ “NotPetya”  ransomware ဆိုက်ဘာ တိုက်ခိုက်မှုမှာ မျက်ကွယ်ပြုနေခဲ့ကြောင်းနဲ့ တိုက်ခိုက်မှုကြောင့် အမေရိကန်နှင့် ဥရောပအပါအဝင် ၎င်းတို့ရဲ့ မိတ်ဖက်နိုင်ငံများ၊ ကမ္ဘာတစ်ဝန်းက ကွန်ပျူတာတွေမှာ ထိခိုက်မှုတွေ ရရှိခဲ့ကြောင်း ထုတ်ပြန်မှုတွေမှာ ပါရှိပါတယ်။

 

အိမ်ဖြူတော်ထုတ်ပြန်ချက်မှာတော့ “NotPetya”  ransomware ဆိုက်ဘာ တိုက်ခိုက်မှုမှာ ရုရှား တာဝန်ရှိတယ်လို့ ဗြိတိန်နိုင်ငံခြားရေးက အမည်မဖေါ်လိုသူ တစ်ဦးက ပြောဆိုထားကြောင်း၊ “NotPetya”  ransomware ဆိုက်ဘာတိုက်ခိုက်မှုဟာ သမိုင်းမှာ ထိခိုက်ဆုံးရှုံးမှုနဲ့ အပျက်အဆီးအများဆုံး ဆိုက်ဘာ တိုက်ခိုက်မှုဖြစ်ပြီး စီးပွားရေးအရ သန်းထောင်ချီဆုံးရှုံးခဲ့ကြောင်း၊ ဒါဟာ ယူကရိန်းကို မတည်မငြိမ် ဖြစ်စေဖို့ ရုရှားရဲ့ လုပ်ဆောင်ချက်ဖြစ်ကြောင်းနဲ့ တိုက်ခိုက်မှုကြောင့် ဥရောပ၊ အာရှနဲ့ အမေရိကတစ်ဝန်းက ကွန်ပျူတာစနစ် ထောင်ပေါင်းများစွာကို ထိခိုက်စေခဲ့ကြောင်း၊ ဒီတိုက်ခိုက်မှုဟာ မဆင်မခြင်နဲ့ စဉ်းစားချင့်ချိန်ခြင်းမရှိဘဲ တိုက်ခိုက်ခြင်းဖြစ်ကြောင်းနဲ့ နိုင်ငံတကာကို အကျိုးသက်ရောက်မှုတွေရှိခဲ့ကြောင်း ပါရှိပါတယ်။

 

ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ဆိုက်ဘာလုံခြုံရေး အကြီးအကဲ Tariq Ahmad ကတော့ ဗြိတိန်နဲ့ ၎င်းရဲ့မဟာမိတ်တွေကို ထိခိုက်လာတဲ့ မည်သည့်ဆိုက်ဘာ တိုက်ခိုက်မှုကိုမဆို သည်းခံမှာမဟုတ်ကြောင်းနဲ့ တိုက်ခိုက်မှုပြုလုပ်ခဲ့သူကိုလဲ လူသိရှင်ကြား ဖော်ထုတ်သွားမယ်လို့ ပြောဆိုထားပါတယ်။


MDN
ကိုးကား- AFP