မန္တလေး ၅ အောက်တိုဘာ 

 

ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဒသမပုံမှန် အစည်းအဝေးတွင် ၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ်မှ ဖြတ်တောက်လိုက်သည့် ငွေကျပ်သန်း (၁၀၁၉၇.၉၁၈) အား ပြန်လည်သုံးစွဲမည့် လုပ်ငန်းများအနက် အချို့မှာ အသေးစိတ် တင်ပြနိုင်ခြင်းမရှိသေးကြောင်း မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဒေသန္တရစီမံကိန်း အရသုံး ငွေစာရင်းနှင့် ဘဏ္ဍာရေးဆိုင်ရာကော်မတီ အစီရင်ခံစာအရ သိရသည်။

 

ထိုသို့အသေးစိတ် တင်ပြနိုင်ခြင်းမရှိသည့်လုပ်ငန်းများအား ဆောင်ရွက်ရာတွင် လွှတ်တော်ကိုယ်စားလှယ်များ နှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရန်၊ ညှိနှိုင်းချက်တွေကို လွှတ်တော်သို့ အသိပေးဆောင်ရွက်ရန် အောက်တိုဘာလ ၄ ရက်နေ့က ကျင်းပသည့် လွှတ်တော်အစည်းအဝေးတွင် အတည်ပြုခဲ့သည် ။

 

"၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်မှာ မပါတဲ့ နေရာတွေကို ဦးစားပေးလုပ်ဆောင် စေလိုတယ်။ဘဏ္ဍာငွေတွေနဲ့ သုံးတဲ့အခါ မြို့နယ်အလိုက် လွှတ်တော်ကိုယ်စားလှယ်တွေက လွှတ်တော်ကနေ တင်ပြတောင်းဆိုထားတဲ့ လမ်း တံတား နဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက် ဦးစားပေးလျာထားသင့်တယ်" ဟု မန္တလေးတိုင်း ဒေသကြီးလွှတ်တော် ဒေသန္တရစီမံကိန်း အရသုံး ငွေစာရင်းနှင့် ဘဏ္ဍာရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည် က ပြောသည်။

 

ကျေးလက်ဒေသ လမ်း တံတားများအတွက် ငွေကျပ် သန်း ၁၀ဝ၀၊ ကျေးလက်ဒေသ လျှပ်စစ်မီးရရှိရေးအတွက် ငွေကျပ် သန်း ၁၀ဝ၀ ၊ ပညာရေးနှင့် ကျန်းမာရေးလုပ်ငန်းမျာအတွက် ငွေကျပ် သန်း ၂၀ဝ၀၊ သဘာဝဘေးကူညီထောက်ပံ့ပေးရန် လုပ်ငန်းများအတွက် ငွေကျပ် သန်း ၁၀ဝ၀ ၊ ကျေးလက်ဒေသများ သောက်သုံးရေရရှိရေးလုပ်ငန်းများအတွက် ငွေကျပ် သန်း ၅၀ဝ၊ အားကစားကဏ္ဍတွင် ဆောင်ရွက်မည့်လုပ်ငန်းများ အတွက် ငွေကျပ် သန်း ၅၀ဝ၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးလုပ်ငန်းများအတွက် ငွေကျပ် သန်း ၅၀ဝ ၊ နိုင်ငံ့ဝန်ထမ်းများ အိမ်ယာတည်ဆောက်ရေးအတွက် ငွေကျပ် သန်း ၂၃၄၆.၉၁၈ သန်း ၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၏ မန္တလေးမြို့ပေါ် ရပ်ကွက်များ ရေစီးရေလာကောင်းမွန်ရေးလုပ်ငန်းများအတွက် ငွေကျပ် သန်း ၁၃၅၁ စုစုပေါင်း ငွေကျပ်း သန်းပေါင်း ၁၀၁၉၇.၉၁၈ သုံးစွဲသွားမည်ဖြစ်သည်။

 

ယင်းလုပ်ငန်းများအနက် ကျေးလက်ဒေသ လျှပ်စစ်မီးရရှိရေးအတွက် ငွေကျပ် သန်း ၁၀ဝ၀ ကိုသာ အသေးစိတ်လုပ်ငန်းများတင်ပြလာပြီး ကျန်လုပ်ငန်းများမှာ အသေးစိတ်တင်ပြလာခြင်းမရှိသေးကြောင်း မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဒေသန္တရစီမံကိန်း အရသုံး ငွေစာရင်းနှင့် ဘဏ္ဍာရေးဆိုင်ရာကော်မတီ အစီရင်ခံစာအရ သိရသည်။

 

သူရိန်လင်း