နေပြည်တော် ၄ ဇွန် 

 


မြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေမှာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းတွင် စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုးကို နှစ်အလိုက်ဈေးနှုန်းအရ ကျပ် ၁၀၆၀၉၆၃၃၅ ဒသမ ၈ သန်းနှင့် ၇ ဒသမ ၆ ရာခိုင်နှုန်း တိုးတက်ရန်ရည်မှန်းခဲ့ရာ ပထမ (၆)လပတ် (အောက်တိုဘာလမှ မတ်လ)တွင် ကျပ် ၆၇၁၈၆၇၄၈ သန်းရရှိခဲ့သဖြင့် စီမံကိန်းရည်မှန်းချက်အပေါ် ၆၃ ဒသမ ၃ ရာခိုင်နှုန်း အကောင်အထည်ဖော်နိုင်ခဲ့ပြီး ပုံမှန်ဈေးနှုန်းအရ ၆ ဒသမ ၃ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးစောသန်းထွဋ်က ပြောကြားသည်။

 


ယနေ့ကျင်းပသည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂)ကြိမ်မြောက်ပုံမှန် အစည်းအဝေး (၁၃)ရက်မြောက်နေ့ အစည်းအဝေးတွင် ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သော ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ် ပထမ (၆)လပတ် အမျိုးသားစီမံကိန်း အစီရင်ခံစာနှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ(၉/၂၀၁၉)ကို ကော်မတီဒုတိယဥက္ကဋ္ဌ ဦးစောသန်းထွဋ်က ပြည်ထောင်စုလွှတ်တော်သို့ အစီရင်ခံတင်ပြရာတွင် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

 


ထို့နောက် ဒုတိယဥက္ကဋ္ဌက အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့(IMF) ၏ ၂၀၁၉ ခုနှစ် ဧပြီလတွင် ထုတ်ပြန်သည့် World Economic Outlook April 2019 တွင် ၂၀၁၉ ခုနှစ်အတွင်း ကမ္ဘာ့စီးပွားရေးတိုးတက်မှုကို ၃ ဒသမ ၃ ရာခိုင်နှုန်းရှိမည်ဟု ခန့်မှန်းထားပြီး ၂၀၁၈ ခုနှစ်ထက် သုည ဒသမ ၃ ရာခိ်ုင်နှုန်း လျော့နည်းပါကြောင်း၊ အာဆီယံနိုင်ငံများ၏ ပျမ်းမျှစီးပွားရေးတိုးတက်မှုနှုန်းမှာ ၂၀၁၈ ခုနှစ်တွင် ၅ ဒသမ ၁ ရာခိုင်နှုန်းရှိမည်ဟု Asian Development Outlook Update, April 2019 တွင် ဖော်ပြထားပါကြောင်း ရှင်းလင်းတင်ပြသည်။ 

 


ဆက်လက်၍ ၎င်းက နိုင်ငံပိုင်အခန်းရင်းနှီးမြှုပ်နှံမှုမှာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းတွင် ပြည်ထောင်စုဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး/ပြည်နယ်တို့မှ ငွေကျပ် ၈၂၈၆၁၈၀ ဒသမ ၉ သန်းရင်းနှီးမြှုပ်နှံရန် လျာထားခဲ့ရာ ပထမ(၆)လပတ်အတွင်း ငွေကျပ် ၂၀၄၃၅၈၂ ဒသမ ၇ သန်း ရင်းနှီးမြှုပ်နှံခဲ့သဖြင့် ၂၄ ဒသမ ၆၆ ရာခိုင်နှုန်း အကောင်အထည်ဖော်နိုင်ခဲ့ကြောင်း။

 


အထူးစီးပွားရေးဇုန်အပါအဝင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများတွင် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် အောက်တိုဘာလမှ မတ်လအထိ အမေရိကန်ဒေါ်လာ ၅၆၀၆ ဒသမ ၇ သန်းနှင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် အောက်တိုဘာလမှ မတ်လအထိ အမေရိကန်ဒေါ်လာ ၁၇၆၁ ဒသမ ၄ သန်း ရင်းနှီးမြှုပ်နှံခဲ့ကြောင်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာလမှ မတ်လအထိ (၆)လ စာရင်းအရ အမေရိကန်ဒေါ်လာ ၁၉၈၈ ဒသမ ၇ သန်း ရှိခဲ့ပါကြောင်း။

 


နိုင်ငံခြားငွေလဲလှယ်နှုန်းတွင် အမေရိကန် တစ်ဒေါ်လာနှင့် မြန်မာကျပ်ငွေ လဲလှယ်နှုန်းမှာ ၂၀၁၈ ခုနှစ် အောက်တိုဘာလတွင် ၁၅၆၀ ကျပ် ဖြစ်ပေါ်ခဲ့ရာမှ ၂၀၁၉ မတ်လကုန်တွင် ၁၅၁၄ ကျပ်သို့ ကျင်းဆင်းခဲ့ပါကြောင်း၊ ယခင်နှစ် အလားတူ ကာလနှင့် နှုန်းယှဉ်ပါက ၁၃ ဒသမ ၄ ရာခိုင်နှုန်း ငွေတန်ဖိုးကျဆင်းခဲ့ပါကြောင်း၊ မြန်မာနိ်ုင်ငံတော် ဗဟိုဘဏ်အနေဖြင့် အမေရိကန် တစ်ဒေါ်လာနှင့် ညီမျှသည့် မြန်မာကျပ်ငွေ၏ ရည်ညွှန်းငွေလဲလှယ်နှုန်းကို နိ်ုင်ငံခြားငွေ ဈေးပြိုင် လေလံစနစ်အရ သတ်မှတ်ခဲ့ပြီး နိုင်ငံခြားငွေကြေးဈေးကွက် မြှင့်တင်ရေးအတွက် နိုင်ငံတကာ ဗဟိုဘဏ်များ ကျင့်သုံးသည့်စနစ်နှင့်အညီ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ (၅) ရက်မှစ၍ နိ်ုင်ငံခြားငွေကြေး ဈေးကွက်ရှိ ရောင်းဝယ်မှုများကို အခြေခံ၍ တွက်ချက်ထားသော ဈေးကွက်အခြေခံ ရည်ညွှန်းနိုင်ငံခြားငွေလဲလှယ်နှုန်းကို သတ်မှတ်ထုတ်ပြန်ပေးလျက် ရှိပါကြောင်း။

 


ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် မတ်လတွင် ၇ ဒသမ ၂၈ ရာခိုင်နှုန်းဖြစ်ပေါ်လျက်ရှိရာ ဘဏ္ဍာရေးနှစ်အတွင်း ဖြစ်ပေါ်ရန် မျှော်မှန်းထားသည့် ငွေကြေးဖောင်းပွမှုနှုန်းထက် ၂ ဒသမ ဝ၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါကြောင်း။

 


၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ပထမ(၆)ပတ် (အောက်တိုဘာလမှ မတ်လ)တွင် ပို့ကုန်အနေဖြင့် ရည်မှန်းချက်၏ ၅၄ ဒသမ ၃ ရာခိုင်နှုန်းနှင့် သွင်းကုန်အနေဖြင့် ရည်မှန်းချက်၏ ၅၆ ဒသမ ၇ ရာခိုင်နှုန်း အကောင်အထည်ဖော်နိုင်ခဲ့ပါကြောင်း၊ ကုန်သွယ်မှုပမာဏအနေဖြင့် ရည်မှန်းချက်၏ ၅၅ ဒသမ ၅ ရာခိ်ုင်နှုန်း အကောင်အထည်ဖော်နိုင်ခဲ့ပြီး ကုန်သွယ်လိုငွေ အမေရိကန်ဒေါ်လာ ၆၅၉ ဒသမ ၅ သန်း ဖြစ်ပေါ်ခဲ့သည့်အတွက် ယခင်နှစ်ကာလတူနှင့် နှုန်းယှဉ်ပါက အမေရိကန်ဒေါ်လာ ၁၃၁၅ ဒသမ ၃ သန်း လျော့နည်းခဲ့ပါကြောင်း။

 


မြန်မာနိုင်ငံသို့ လာရောက်သည့် ကမ္ဘာလှည့်ခရီးသည်နှင့် သုံးစွဲခဲ့သည့် နိုင်ငံခြားငွေများသည် နိ်ုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို တိုက်ရိုက်အထောက်အကူပြုနိုင်သဖြင့် အမျိုးသားအဆင့် ဦးစားပေးကဏ္ဍတစ်ခုဖြစ်ရန် ရည်ရွယ်ဆောင်ရွက်လျက်ရှိရာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ပထမ(၆)လပတ်တွင် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် ကမ္ဘာလှည့်ခရီးသည် ဦးရေ ၂ ဒသမ ၁၆၅ သန်းရှိပြီး အမေရိကန်ဒေါ်လာ ၁၁၀၄ သန်း သုံးစွဲခဲ့ပါကြောင်း။

 


ဆောက်လုပ်မှုအမျိုးအစားအလိုက် ဆောင်ရွက်မှုအခြေအနေမှာ အိမ်ရာ ၅၆ ဒသမ ၁ ရာခိ်ုင်နှုန်း၊ ရုံး၊ ကျောင်း၊ ဆေးရုံ ၁၇ ဒသမ ၂ ရာခိုင်နှုန်း၊ လမ်း ၇ ဒသမ ၇ ရာခိုင်နှုန်း၊ တံတား ၂ ရာခိုင်နှုန်း၊ ဆိပ်ကမ်း၊ ဆည်မြောင်းများ ၃ ဒသမ ၅ ရာခိုင်နှုန်း၊ ဆက်သွယ်ရေးနှင့် မဟာဓာတ် အားလိုင်းများ သုည ဒသမ ၅ ရာခိုင်နှုန်း၊ ဓာတ်အားလိုင်းများတွင် ၁ ရာခိုင်နှုန်း၊ သတ္တုတွင်း၊ စက်ရုံများ သုည ဒသမ ၄ ရာခိုင်နှုန်း၊ အားကစားကွင်း၊ ပန်းခြံ သုည ဒသမ ၂ ရာခိုင်နှုန်းနှင့် အခြားမြို့ပြအင်ဂျင်နီယာလုပ်ငန်းများ ၁၁ ဒသမ ၄ ရာခိုင်နှုန်း အသီးသီး ဆောင်ရွက်ခဲ့ပါကြောင်း။

 


လျှပ်စစ်ဓာတ်အားတပ်ဆင်အင်အားနှင့် သုံးစွဲမှုမှာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ပထမ(၆)လပတ်တွင် နိုင်ငံပိုင် လျှပ်စစ်ဓာတ်အားတပ်ဆင်ထားသည့် အင်အားအနေဖြင့် ၅၉၀၁ မဂါဝပ်ရှိပြီး လျှပ်စစ်ဓာတ်အားသုံးစွဲမှုအနေဖြင့် ကီလိုဝပ်နာရီသန်း ၁၁၂၀၇ ဒသမ ၁ ဖြစ်သဖြင့် တပ်ဆင်အင်အားနှင့် သုံးစွဲမှုပမာဏ ပိုမိုခဲ့ပြီး ပညာရေး၊ ကျန်းမာရေး ကဏ္ဍများ မှာလည်း ပိုမို တိုးတက်ဖြစ်ထွန်းခဲ့ကြောင်း။

 


နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းများတွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ပထမ(၆)လအတွင်း သာမန်စာရင်းပိုငွေပြသော အဖွဲ့အစည်းပေါင်း ၁၈ ခုမှ ပိုငွေမှာ ကျပ်သန်းပေါင်း ၁၄၃၉၉၅၆ ဒသမ ၃၄ ဖြစ်ပြီး လိုငွေပြသော အဖွဲ့အစည်းပေါင်း ၁၃ ခုမှ လိုငွေမှာ ကျပ်သန်းပေါင်း ၅၇၆၄၃၈ ဒသမ ဝ၉ ဖြစ်သောကြောင့် အသားတင်ပိုငွေစုစုပေါင်းမှာ ကျပ်သန်းပေါင်း ၈၆၃၅၁၈ ဒသမ ၂၅ ဖြစ်သည်ကို တွေ့ရှိရပါကြောင်း။

 


၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ပထမ (၆)လပတ်အတွင်း ကဏ္ဍအလိုက် စီမံကိန်းများ အကောင်အထည်ဖော်နိုင်မှု အခြေအနေ(ယာယီစာရင်းများအရ)များမှာ ယခင်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်ပါက ပုံမှန်ဈေးနှုန်းများအရ လယ်ယာကဏ္ဍတွင် ၂ ဒသမ ၂ ရာခိုင်နှုန်း၊ သားငါးကဏ္ဍတွင် ၆ ဒသမ ၁ ရာခိုင်နှုန်း၊ သတ္တုနှင့် တွင်းထွက်ပစ္စည်းကဏ္ဍတွင်  ၅ ဒသမ သုည ရာခိုင်နှုန်း၊ စက်မှုလက်မှုကဏ္ဍတွင် ၁၁ ဒသမ ၂ ရာခိုင်နှုန်း၊ လျှပ်စစ်ဓာတ်အားကဏ္ဍတွင် ၇ ဒသမ ၈ ရာခိုင်နှုန်း၊ ပို့ဆောင်ရေးကဏ္ဍတွင် ၉  ဒသမ ၂ ရာခိုင်နှုန်း၊ ဆက်သွယ်ရေးကဏ္ဍတွင် ၁၁ ဒသမ ၅ ရာခိုင်နှုန်း၊ ငွေရေးကြေးရေကဏ္ဍတွင် ၇ ဒသမ ၇ ရာခိုင်နှုန်း၊  လူမှုရေးနှင့် စီမံခန့်ခွဲရေးကဏ္ဍတွင် ၄ ဒသမ ၆ ရာခိုင်နှုန်း၊ အခြားဝန်ဆောင်မှု ကဏ္ဍတွင် ၁၂ ဒသမ ၄ ရာခိုင်နှုန်း၊ ကုန်သွယ်မှုကဏ္ဍတွင် ၇ ဒသမ ၇ ရာခိုင်နှုန်း စသည်ဖြင့် အသီးသီးတိုးတက်ခဲ့ကြောင်း၊ သစ်တောကဏ္ဍတွင် ၂၂ ဒသမ ၄ ရာခိုင်နှုန်း၊ စွမ်းအင်ကဏ္ဍတွင် ၅ ဒသမ ၅ ရာခိုင်နှုန်း၊ ဆောက်လုပ်မှုကဏ္ဍတွင် ၆ ဒသမ ၆ ရာခိုင်နှုန်း စသည်ဖြင့် လျော့နည်း ခဲ့ပါကြောင်း။

 


၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ပထမ(၆)လပတ်အတွင်း ပြည်ပနိုင်ငံများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ အမေရိကန်ဒေါ်လာ ၅၃၄ ဒသမ ဝ၈၄ သန်းဖြင့် စီမံချက်လေးခုကို ချေးငွေများရရှိနိုင်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်စေမည့် စိုက်ပျိုးစီးပွားရေး လုပ်ငန်းဆိုင်ရာ တန်ဖိုးကွင်းဆက်စီမံ ကိန်းအတွက် အမေရိကန်ဒေါ်လာ ၄၀ ဒသမ ၅၀ဝ ကို ADB မှ ၂၀၁၈ ခုနှစ် အောက်တိုဘာ ၆ ရက်တွင်လည်းကောင်း၊ အနောက်ပိုင်းပြည်နယ်များ စိုက်ပျိုးစီးပွား ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၈ ဒသမ ၉၈၄ သန်းကို IFAD မှ ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်တွင် လည်းကောင်း၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက လျှပ်စစ်ဓာတ်အား ကွန်ရက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမေရိကန်ဒေါ်လာ ၂၈၉ ဒသမ ၉၀ဝ သန်းနှင့် ဆောင်လုပ်ရေးဝန်ကြီးဌာနက မဟာမဲခေါင်ဒေသခွဲအတွင်းရှိ လမ်းမကြီးများ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၁၉၄ ဒသမ ၇၀ဝ သန်းတို့ကို ADBမှ ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တို့တွင် အသီးသီး စာချုပ်ချုပ်ဆိုခဲ့ကြကြောင်း။

 


၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ပထမ(၆)လပတ်အတွင်း ပြည်ထောင်စုဝန်ကြီးဌာန ၁၂ ခုနှင့် အဖွဲ့အစည်းနှစ်ခုတို့မှ ပြည်ပအကူအညီ အထောက်အပံ့နှင့် နည်းပညာအကူအညီတို့ဖြင့် စီမံကိန်းတန်ဖိုး အမေရိကန်ဒေါ်လာ ၁၂၀ ဒသမ ၃၄၅ သန်းဖြင့် စီမံချက် ၃၅ ခုကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း ရှင်းလင်းတင်ပြသည်။

 


ကိုမင်း၊ မာမာစိုး(ကြေးမုံ)