မန္တလေး ၂၆ မတ်

၂၀၁၈ ခုနှစ် အကယ်ဒမီ ထူးချွန်ဆုပေးပွဲတွင် ဂီတဆုပေးရာတွင် ပြောကြားသော နောက်ခံပြောစကားများသည် မြန်မာ့ရိုးရာ ဂီတအနုပညာရှင်များနှင့် ဂီတသမားများ အချင်းချင်း ရန်တိုက်ပေးသလို ဖြစ်နေတယ်ဟု ရုပ်ရှင်တေးဂီတ အကောင်းဆုံး နှစ်ထပ်ကွမ်းပိုင်ရှင် ဦးစိန်မွတ္တားက ပြောကြားလိုက်သည်။

 

1

 

၂၀၁၈ ခုနှစ် အကယ်ဒမီ ထူးချွန်ဆုပေးပွဲတွင် အကောင်းဆုံး တေးဂီတဆုအဖြစ် မျက်နှာပြင်များ ဇာတ်ကားမှ ရှလုံးအမ်ရောနမ်က ရရှိခဲ့သည်။ အဆိုပါ ဆုရရှိသည့်အတွက် ညွှန်းဆိုပြောကြားသော စကားများသည် ဂီတသမား အချင်းချင်း ရန်တိုက်ပေးသလို ဖြစ်နေသည့်အပြင် မြန်မာမှု ဂီတသမားများအား မြန်မာ့ရုပ်ရှင်လောကမှ ဖယ်ထုတ်သလို ဖြစ်နေသည်ဟု ဦးစိန်မွတ္တားက ဆိုသည်။

‘ဂီတကို ပြောတာဟာ အတော်လေး အနုပညာ မဆန်ပါဘူး မြန်မာမှု တေးဂီတသမားတွေ စိတ်မကောင်း ဖြစ်နေကြပါတယ်။ ဒီစကားဟာ ဂီတသမားချင်း တိုက်ပေးသလို တကယ့်ရှေးရိုး ဂီတသမားတွေကို သတိပေးတပ်လှန့်တယ်ဆိုတဲ့ စကားဟာ တော်တော် ဆိုးဝါးနေပါတယ်’ ဟု မြန်မာ့ရုပ်ရှင် တေးဂီတ အကောင်းဆုံးဆု နှစ်ထပ်ကွမ်းဆုရှင် ဦးစိန်မွတ္တားက ပြောသည်။

အဆိုပါ ဆုပေးပွဲတွင် တေးဂီတဆု ရရှိသူအား နောက်ခံပြောကြားသည့် စကားများမှာ ‘ဒါရိုက်တာ ဉာဏ်ထင်ရိုက်ကူးတဲ့ မျက်နှာပြင်များ ဂီတမှူးအဖြစ် ရှလုံးအမ်ရောနမ်က တာဝန်ယူ တီးခတ်ခဲ့ပြီး ယခုနှစ် နောက်ခံတေးဂီတဆုဟာ ယခင်နှစ်များနဲ့ လုံးဝမတူပဲ မျိုးဆက်သစ် လူငယ်ဂီတ ပညာရှင်များအတွက် အားတက်စရာ ဆုဖြစ်ခဲ့ရသလို၊ သမားရိုးကျ ရှေးရိုးကိုမှ ခွဲမထွက်နိုင်တဲ့ နောက်ခံတေးဂီတ ပညာရှင်များကိုလည်း တပ်လှန့်သတိပေးလိုက်တာနဲ့ တူနေပါတယ်။ ဒါ့အတူ မူရင်းတေးဂီတရဲ့ တေးဂီတကို ဖယ်ရှားကာ ကိုယ်ကြိုက်နှစ်သက်တဲ့ တီးလုံးကို ပြင်ပတီးလုံးများကို ဖြတ်ညှပ်ကပ်တဲ့ သူတွေကိုလည်း သတိပေးလိုက်သလိုဖြစ်သွားပါတယ်’ ဟု အစီစဉ်တင်ဆက်သူက ပြောကြားခဲ့သည်။

‘ဆုမရလို့ ပြောတာမဟုတ်ပါဘူး ဒီလိုပြောလိုက်တဲ့ စကားဟာ မြန်မာ့ဂီတရဲ့ အနာဂတ်ခရီး ဘယ်လောက်ထိရိုက်ခတ်သွားလဲဆိုတာ ပြောချင်တယ်’ ဟု ဦးစိန်မွတ္တားက ဆိုသည်။

ဦးစိန်မွတ္တားသည် မကြာမီ ရုံတင်ပြသမည့် နို့ဘီလူး ရုပ်ရှင်ကားတွင်လည်း မြန်မာ့ဂီတပညာဖြင့် တီးခတ်ထားပြီး အကယ်ဒမီအတွက် အားနည်းနိုင်သည့်အတွက် နို့ဘီလူး ရုပ်ရှင်ကားတွင် တီးခတ်ပြီးသားများအား ခေတ်ပေါ်ဂီတဖြင့် ပြောင်းလဲလိုက်သည်များ ရှိလာကြောင်း သိရသည်။

‘အခုရုံတင်တော့မယ့် နို့ဘီလူးရုပ်ရှင်ကား ပြီးခဲ့တဲ့ ၂ လလောက်က ခေတ်ပေါ်ဂီတနဲ့ ပြောင်းလိုက်ပါတယ်။ ရုပ်ရှင်တစ်ကားဟာ မြန်မာမှု ဂီတကို သုံးရင် အကယ်ဒမီအတွက် အားနည်းတယ် ဆိုတာကြောင့် ဒီအယူအဆနဲ့ ဖယ်လိုက်တာ။ တီးပြီးသား ကားတွေကိုလည်း မြန်မာဂီတကို ဒီလိုခေတ် နောက်ပြန်ဆွဲနေတယ် သဘောဆောင်နေလို့ အကယ်ဒမီအတွက် အားနည်းသွားနိုင်တယ်ဆိုရင် ဝမ်းနည်းစွာနဲ့ပဲ ပြောင်းနိုင်ပါတယ်လို့ ပြောချင်ပါတယ်’ ဟု ဦးစိန်မွတ္တားက ပြောသည်။

၂၀၁၈ ခုနှစ် အကယ်ဒမီ ထူးချွန်ဆုပေးပွဲတွင် ပြောကြားခဲ့သော စကားများနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးထံ တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

ဦးစိန်မွတ္တားသည် မြန်မာ့ရိုးရာ ဂီတပညာများကို ယဉ်ကျေးမှု တက္ကသိုလ်မှာ ဧည့်ပါမောက္ခ အနေနဲ့လည်း သင်ကြားပို့ချနေသည့် ပညာရှင်တစ်ဦး ဖြစ်သည်။ ၂၀ဝ၄ ခုနှစ်တွင် ပန်းဒဏ္ဍာရီရုပ်ရှင်၊ ၂၀ဝ၇ ခုနှစ်တွင် ကိုးဆယ်ဆသာလိမ့်မယ် ရုပ်ရှင်များတွင် အကောင်းဆုံး တေးဂီတဆုကို ရရှိခဲ့သည်။

အိမို့မို့ခိုင်