၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၁၀) ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း နှစ် (၇၀) ပြည့်အထိမ်းအမှတ် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်၏ သတင်းထုတ်ပြန်ချက်

၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၁၀) ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း နှစ် (၇၀) ပြည့်အထိမ်းအမှတ် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ သတင်းထုတ်ပြန်ချက် 

ထုတ်ပြန်ချက်အမှတ် (၁၁/၂၀၁ )

၁။ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း နှစ် (၇၀) ပြည့် အထိမ်းအမှတ် အခါသမယတွင် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် နိုင်ငံတကာ အသိုက်အဝန်းနှင့်အတူ ဤသမိုင်းဝင်နေ့ထူးနေ့မြတ်ကို ဂုဏ်ပြုဆင်နွှဲအပ်ပါသည်။

 

၂။ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့သည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ ဖြစ်သည်သာမက ကုလသမဂ္ဂ အထွေထွေညီလာခံက ထုတ်ပြန်ကြေညာခဲ့သည့် ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း၏ နှစ် (၇၀) ပြည့်မြောက်သည့် နေ့ရက်အခါသမယလည်း ဖြစ်ပါသည်။ ဤကဲ့သို့သော နေ့ထူးနေ့မြတ်တွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်၏ ၂၀၁၈ ခုနှစ်၊ တစ်နှစ်တာ ကာလအတွင်း လူ့အခွင့်အရေး မြှင့်တင်ရေး၊ ကာကွယ်ရေးတို့နှင့်စပ်လျဉ်းသည့် ကြိုးပမ်းဆောင်ရွက်ချက်များကို အများပြည်သူသို့ အစီရင်ခံတင်ပြရန် အသင့်လျော်ဆုံးအချိန်အခါ ဖြစ်ပါသည်။

 

၃။ ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းတွင် ဖော်ပြပါရှိသည့် လူ့အခွင့်အရေးများနှင့် ၎င်းအခွင့်အရေး များသည် နေ့စဉ်လူမှုဘဝတွင် မည်သို့ သက်ရောက်မှုရှိသည်ကို ပြည်သူများသိရှိနားလည်စေရန် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် အသိပညာပြန့်ပွားရေး လုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိပါသည်။ ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်စေရန်အတွက် မြန်မာဘာသာအပြင် တိုင်းရင်းသား ဘာသာ (၁၂) မျိုးဖြင့် ဘာသာပြန်ဆို ဖြန့်ဝေခဲ့ပြီးဖြစ်ပါသည်။ ပြည်သူများ လူ့အခွင့်အရေးအသိပညာနှင့် လူ့အခွင့်အရေး ဗဟုသုတများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်အတွက် ကော်မရှင်သည် ၂၀၁၈ ခုနှစ်အတွင်း၌ ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ မြို့နယ်ပေါင်း (၂၃)မြို့နယ်သို့ သွားရောက်၍ လူ့အခွင့်အရေးအသိပညာပေး ဟောပြောပွဲများကို ကျင်းပခဲ့ပါသည်။ ထို့ပြင် မြို့ပြရှိ ပြည်သူလူထုသာမက ကျေးလက်နေပြည်သူ လူထုပါ လူ့အခွင့်အရေး အသိပညာဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ ကော်မရှင်သည် ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ကျေးရွာပေါင်း (၁၂) ရွာတို့သို့ သွားရောက်၍ လူ့အခွင့်အရေး အသိပညာပေး စကားဝိုင်းများကို ကျင်းပခဲ့ပါသည်။ အစိုးရဝန်ထမ်းများ လူ့အခွင့်အရေးအသိပညာရရှိပြီး မိမိတို့လုပ်ငန်း တာဝန်ထမ်းဆောင်ရာတွင် လူ့အခွင့်အရေးစံများနှင့်အညီ ဆောင်ရွက်နိုင်ရန်အတွက် ကော်မရှင်သည် ရန်ကုန်မြောက်ပိုင်း ခရိုင်၊ တောင်ငူခရိုင်၊ မိတ္ထီလာခရိုင်၊ ပြင်ဦးလွင်ခရိုင်၊ ကော့သောင်းခရိုင်နှင့် ပခုက္ကူခရိုင်များရှိ အစိုးရအရာထမ်းများအတွက် ခရိုင်အဆင့် အလုပ်ရုံသင်တန်း၊ မြို့နယ်အဆင့် ကလေးသူငယ် ကော်မတီဝင်များအတွက် သင်တန်းနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများအတွက်သင်တန်း စသည်ဖြင့် လူ့အခွင့်အရေး အသိပညာပေးသင်တန်းသုံးမျိုးစီကို အရပ်ဘက်အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ကျင်းပခဲ့ ပါသည်။ အလားတူပင် ကော်မရှင်သည် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်၊ စစ်ဦးစီးတက္ကသိုလ်နှင့် တပ်မတော် (ကြည်း) တိုက်ခိုက်ရေးကျောင်းများရှိ တပ်မတော်အရာရှိသင်တန်းများနှင့် မန္တလေး မြို့ရှိ ရဲအရာရှိ အတတ်သင်ကျောင်း၊ ရဲအရာရှိများသင်တန်းတို့အပြင် ဗဟို ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်/ အထက် မြန်မာပြည်) တို့၌ ဖွင့်လှစ်သော အရာရှိသင်တန်းများနှင့် အထက်တန်းကျောင်းအုပ်ကြီးများ၏ ကျောင်း စီမံခန့်ခွဲအုပ်ချုပ်မှုသင်တန်းတို့တွင် လူ့အခွင့်အရေးဘာသာရပ်များကို ပို့ချခဲ့ပါသည်။

 

၄။ ကော်မရှင်သည် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ ကိုဆောင်ရွက်ရာတွင် လူ့အခွင့်အရေး ချိုးဖောက်မှုနှင့်စပ်လျဉ်းသည့် တိုင်တန်း ချက်များကို ကော်မရှင်လုပ်ထုံးလုပ်နည်းများနှင့်အညီ ကိုင်တွယ်ဆောင်ရွက်လျက်ရှိပါသည်။ ကော်မရှင်သည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလမှ နိုဝင်ဘာလအထိ လက်ခံရရှိသော တိုင်တန်းချက်ပေါင်း (၂၈၁၈) စောင်အနက် (၉၆၆) စောင်ကို စိစစ်ဆောင်ရွက်ခဲ့ပြီး တိုင်တန်းချက်အချို့နှင့်ပတ်သက်၍ ကွင်းဆင်းစစ်ဆေးမှုပေါင်း (၁၁)ကြိမ်ပြုလုပ်ခဲ့ပါသည်။ ထို့ပြင် ကော်မရှင်သည် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလအထိ အကျဉ်းထောင် (၂၅)ခု၊ ကျောက်ထုတ်စခန်း (၁၀)ခု ၊စိုက်ပျိုး မွေးမြူရေး အတတ်သင်စခန်း (၁၂)ခု၊ ရဲစခန်းအချုပ်ခန်း (၃၂)ခု၊ တရားရုံး အချုပ်ခန်း (၃၂) ခု၊ ဆေးရုံအချုပ်ခန်း (၁၅)ခုနှင့် ဘိုးဘွားရိပ်သာ (၅)ခုတို့သို့ သွားရောက် စစ်ဆေးမှုများပြုလုပ်ခဲ့ပါသည်။ ကော်မရှင်၏ စစ်ဆေးတွေ့ရှိ ချက်များနှင့် အကြံပြုချက်များကို သက်ဆိုင်ရာဌာနသို့ လိုအပ်သလိုအရေးယူ ဆောင်ရွက်နိုင်ရန်ပေးပို့ခဲ့သည့်အပြင် အများပြည်သူ သိရှိနိုင်ရန်အတွက် ထုတ်ပြန်ချက်များလည်း ထုတ်ပြန်ခဲ့ပါသည်။ ကော်မရှင်သည် ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ဘူးသီးတောင်၊ မောင်တောဒေသသို့ သွားရောက်၍ လူ့အခွင့်အရေး အခြေအနေများကိုလေ့လာခြင်း၊ ကချင်ပြည်နယ်၊ ပူတာအို၊ မြစ်ကြီးနား၊ မိုးညှင်း၊ မိုးကောင်းမြို့များရှိ နေရပ်စွန့်ခွာဒုက္ခသည်စခန်းများသို့ သွားရောက်လေ့လာ၍ တွေ့ရှိချက်များကို နိုင်ငံတော်သမ္မတရုံးသို့ အစီရင်ခံတင်ပြခဲ့ပါသည်။

 

၅။ ကော်မရှင်သည် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့တွင် ကျင်းပသော ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပသည့် မဲဆန္ဒနယ်များအနက် မဲဆန္ဒနယ် ၆ ခုသို့ ကော်မရှင်အဖွဲ့ဝင်များ ဦးဆောင်၍ သွားရောက် စောင့်ကြည့်လေ့လာပြီး တွေ့ရှိချက်များကို သတင်းထုတ်ပြန်ခဲ့ပါသည်။ ထို့ပြင် အသေးစိတ်တွေ့ရှိချက်နှင့် အကြံပြုချက်များကို နိုင်ငံတော်သမ္မတရုံးနှင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်တို့သို့ ပေးပို့ တင်ပြခဲ့ပါသည်။

 

၆။ ဥပဒေရေးရာကိစ္စရပ်များနှင့်ပတ်သက်၍ ကော်မရှင်သည် တည်ဆဲ ဥပဒေများနှင့် ဥပဒေကြမ်းများကို လူ့အခွင့်အရေးရှုထောင့်မှ လေ့လာသုံးသပ်၍ အကြံပြုချက်များကို သက်ဆိုင်ရာအဖွဲ့အစည်းများသို့ ပေးပို့ဆောင်ရွက်လျက် ရှိပါသည်။ ၂၀၁၈ ခုနှစ်အတွင်း၌ ရာဇသတ်ကြီးကို ဒုတိယအကြိမ် ပြင်ဆင် သည့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ကော်မရှင်၏ အကြံပြုချက်ကို ပြည်ထောင်စု လွှတ်တော်သို့ ပေးပို့ခဲ့ပါသည်။

 

၇။ ကော်မရှင်သည် ဒေသအဆင့်နှင့် နိုင်ငံတကာအဆင့်လူ့အခွင့်အရေး ဆိုင်ရာယန္တရားများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိရာ၊ ဒေသဆိုင်ရာအဖွဲ့ အစည်းများဖြစ်သည့် အရှေ့တောင်အာရှ အမျိုးသားလူ့အခွင့်အရေး အဖွဲ့အစည်းများဖိုရမ် (South East Asia National Human Rights Institutions Forum - SEANF) နှင့် အာရှ-ပစိဖိတ် အမျိုးသားလူ့အခွင့် အရေးအဖွဲ့အစည်းများဖိုရမ် (Asia Pacifi c Forum of National Human Rights Institutions-APF) တို့သို့လည်းကောင်း၊ ကုလသမဂ္ဂက ကမကထပြုဖွဲ့စည်းထားသည့် အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများဆိုင်ရာ ကမ္ဘာ့အဖွဲ့ကြီး(Global Alliance of National Human Rights Institutions - GANHRI) သို့လည်းကောင်း ပါဝင်တက်ရောက်ကာ ပူးပေါင်း ဆောင်ရွက် လျက်ရှိပါသည်။

 

၈။ မြန်မာနိုင်ငံသည် ကမ္ဘာ့နိုင်ငံအားလုံး၏ လူ့အခွင့်အရေးအခြေအနေကို ပုံမှန်သုံးသပ်သည့် လုပ်ငန်းစဉ် (Universal Periodic Review – UPR) အရ ဒုတိယအကျော့ သုံးသပ်မှုခံယူစဉ်တွင် လက်ခံခဲ့သည့် အကြံပြု တိုက်တွန်းချက်များကို သက်ဆိုင်ရာအစိုးရဌာနများက အချိန်မီဆောင်ရွက် နိုင်ရန်အတွက် အကြံပြုတိုက်တွန်း သည့် အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကို နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ရပ်နှင့် ပူးပေါင်းကျင်းပခဲ့ပါသည်။ ထို့ပြင် ကော်မရှင်သည် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP)နှင့် ပူးပေါင်း၍ “စီးပွားရေးလုပ်ငန်းနှင့် လူ့အခွင့်အရေးဆိုင်ရာဆွေးနွေးပွဲ” ကို ကျင်းပခဲ့ပါသည်။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲ များမှ ရရှိသည့် အကြံပြုချက်များကို နိုင်ငံတော်သမ္မတရုံးသို့ ပေးပို့တင်ပြခဲ့ပါသည်။

 

၉။ မြန်မာနိုင်ငံသည် စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုအခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ် (International Covenant on Economic, Social and Cultural Rights - ICESCR) ကို အတည်ပြုချုပ်ဆိုပြီး၍ စာချုပ်ဝင်နိုင်ငံဖြစ်ရာ အဆိုပါသဘောတူစာချုပ်အရ မြန်မာနိုင်ငံအနေဖြင့် အစီရင်ခံစာ တင်သွင်းရေးနှင့်စပ်လျဉ်း၍ အသိပညာပေး ဖိုရမ်တစ်ရပ် ကျင်းပရေးအတွက် International Commission of Jurists (ICJ) နှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ပါသည်။

 

၁၀။ ကော်မရှင်သည် လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် ကာကွယ်ရေးလုပ်ငန်း များကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ကော်မရှင်၏ စွမ်းဆောင်ရည်မြှင့်တင်ရေးအတွက် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP)၊ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး(OHCHR) နှင့် အာရှ-ပစိဖိတ် အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများဖိုရမ် (APF) တို့နှင့် ပူးပေါင်းကာ ကော်မရှင်၏စွမ်းဆောင်ရည် အကဲဖြတ် သုံးသပ်မှုကို ဆောင်ရွက်ခဲ့ပါသည်။

 

၁၁။ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်အနေဖြင့် နိုင်ငံသားများ၏ လူ့အခွင့်အရေးမြှင့်တင်ရေးနှင့် ကာကွယ်ရေးအတွက် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း သန္နိဋ္ဌာန်ပြုပါသည်။ 

 

မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် မန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်
 ရက်စွဲ၊ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်