နေပြည်တော်  ၁၇ ဇူလိုင် 

မန္တလေးတိုင်းဒေသကြီး၊ ရှမ်းတိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်တွင် ရှမ်းတိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်သူ ဒေါ်နန်းထွေးမှုံက ယင်းမဲဆန္ဒနယ်တွင် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူ ဦးစိုင်းပန်းဆိုင် (ခ) ဦးစိုင်းထွန်းစိန် (ခ) ဦးကျော်စိန်အပေါ် ကန့်ကွက်လွှာတင်သွင်းခဲ့ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လက်ခံခဲ့ပြီး ရွေးကောက်ပွဲခုံအဖွဲ့(၂)ဖြင့် ကြားနာစစ်ဆေးခဲ့ရာ ဦးစိုင်းပန်းဆိုင် (ခ) ဦးစိုင်းထွန်းစိန် (ခ) ဦးကျော်စိန်အား ရွေးကောက်တင်မြှောက်ခြင်းသည် တရားဝင်အတည်ဖြစ်ကြောင်းနှင့် လျှောက်ထားသူ ဒေါ်နန်းထွေးမှုံ၏ ကန့်ကွက်လွှာကိုပယ်ကြောင်း ဆုံးဖြတ်ချက်အမိန့်ချမှတ်ခဲ့သည်။ 

ယင်းဆုံးဖြတ်ချက် အမိန့်အပေါ် မူလလျှောက်ထားသူ ဒေါ်နန်းထွေးမှုံမှ အယူခံမှုလျှောက်ထားတင်ပြလာရာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က အယူခံမှုအမှတ် (၂/၂၀၁၉)ဖြင့် လက်ခံခဲ့သည်။ 

ယင်းအမှုကို တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေ ၁၀၁ အရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်၍ ကော်မရှင်အဖွဲ့ဝင်အားလုံးပါဝင်သည့် စုံညီခုံရုံးရှေ့မှောက်၌ နှစ်ဖက်လျှောက်လဲချက်များနှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ရုံးတော်သဟာယ၏ ဥပဒေအကြံပြုချက်များကို ဇူလိုင် ၁၇ ရက်တွင် ကြားနာပြီး ၂၀၁၉ ခုနှစ်၊ သြဂုတ် ၁ ရက်တွင် အပြီးသတ်အမိန့်ချမှတ်မည် ဖြစ်ကြောင်း သတင်းရရှိသည်။ 

သတင်းစဉ်