နေပြည်တော် ၁၀ ဇန်နဝါရီ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၃ ရက်တွင် အောင်မြင်စွာ ကျင်းပပေးခဲ့ပြီး သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၆၇၊ ၆၈၊ နည်းဥပဒေ ၈၇ အရ တင်သွင်းလာသည့် ရွေးကောက်ပွဲကန့်ကွက်လွှာအမှု (၂) မှုကို ယနေ့စတင်ကြားနာ စစ်ဆေးကြောင်း သိရသည်။

ယင်းအမှုများကို ကြားနာစစ်ဆေးနိုင်ရန် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၆၉ (က) (၁) အရ ၂၀၁၈ ခုနှစ် ဒီဇင်ဘာ(၂၁) ရက်စွဲပါ အမိန့်အမှတ်၊ ၂/၂၀၁၈ နှင့် ၃/၂၀၁၈ တို့ဖြင့် ကော်မရှင်အဖွဲ့ဝင်တစ်ဦးက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး ကျန်ကော်မရှင်အဖွဲ့ဝင် နှစ်ဦးပါဝင်သော ရွေးကောက်ပွဲခုံအဖွဲ့ (၁) နှင့် ရွေးကောက်ပွဲခုံအဖွဲ့ (၂)တို့ကို ဖွဲ့စည်းခဲ့သည်။

ယနေ့တွင် ရွေးကောက်ပွဲခုံအဖွဲ့(၁)မှ ကန့်ကွက်လွှာအမှုအမှတ် (၁/၂၀၁၈)၊ လျှောက်ထားသူ ဦးသန်းထိုက်အောင် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ) နှင့် လျှောက်ထားခံရသူ ဦးနေမျိုးအောင် (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ) အမှုကိုလည်းကောင်း၊ ရွေးကောက်ပွဲ ခုံအဖွဲ့(၂)မှ ကန့်ကွက်လွှာအမှုအမှတ် (၂/၂၀၁၈)၊ လျှောက်ထားသူ ဒေါ်နန်းထွေးမှုံ (ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချူပ်) နှင့် လျှောက်ထားခံရသူ ဦးစိုင်းပန်းဆိုင် (ခ) ဦးစိုင်းထွန်းစိန် (ခ) ဦးကျော်စိန် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ) အမှုကိုလည်းကောင်း စတင်ကြားနာစစ်ဆေး ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)