နေပြည်တော် ၁၁ ဇန်နဝါရီ
၂၀၁၈ ခုနှစ် မြန်မာနိုင်ငံ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုစစ်တမ်းအစီရင်ခံစာ ထုတ်ပြန်ခြင်း အခမ်းအနားကို ဇန်နဝါရီ ၁၁ ရက်နေ့ နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့၊ မူးယစ်ပြတိုက်၌ ကျင်းပသည်။
အခမ်းအနားတွင် မူးယစ်ဗဟိုအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက ယခု ထုတ်ပြန်သည့် အစီရင်ခံစာသည် မူးယစ်ဗဟိုနှင့် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာ ရုံး(UNODC)တို့ ပူးပေါင်းဆောင်ရွက်ခဲ့သည့် ၂၀၁၈ ခုနှစ် ဘိန်းစိုက်ပျိုးထုတ်လုပ်မှု စစ်တမ်း ကောက်ယူခြင်း ရလဒ်များအား တင်ပြသည့် အစီရင်ခံစာ ဖြစ်ပါကြောင်း၊ မူးယစ်ဗဟိုနှင့် UNODC တို့ ပူးပေါင်းပြီး မြန်မာနိုင်ငံ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုကို ၂၀၀၁ ခုနှစ်ကတည်းက ဆောင်ရွက်ခဲ့ပါကြောင်း၊ စစ်တမ်းကောက်ယူခြင်းရဲ့ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံရဲ့ တရားမဝင်သီးနှံစိုက်ပျိုးထုတ်လုပ်မှု အခြေအနေ များကို သိရှိနိုင်ဖို့နဲ့ ယင်းဒေသမှာရှိတဲ့ ဒေသခံတွေရဲ့ ဘိန်းစိုက်ပျိုးမှုအပေါ်မှီခိုနေရတဲ့ လူမှုစီးပွား အခြေ အနေများကို သိရှိနိုင်ဖို့ဆောင်ရွက် ခြင်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ ဘိန်းစိုက်ပျိုး ထုတ်လုပ်မှုသည် ၂၀၀၆ ခုနှစ်တွင် ဟက်တာ ၂၁၅၀၀ ထိ အနိမ့်ဆုံးသို့ရောက်ရှိခဲ့ပြီး၊ ၂၀၀၇ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ ပြန်လည်မြင့်တက်ခဲ့ပါကြောင်း၊ ၂၀၁၃ ခုနှစ်မှ ၂၀၁၅ ခုနှစ်ထိ ဘိန်းစိုက်ပျိုးမှုသည်အထိုက်အလျောက် ကျဆင်း ခဲ့ပါကြောင်း၊ ၂၀၁၅ ခုနှစ် မြန်မာနိုင်ငံ ဘိန်းစိုက်ပျိုးမှုမှာ ဟက်တာ ၅၅၀၀၀ ရှိခဲ့ရာမှ ၂၀၁၇ ခုနှစ်တွင် ဟက်တာ ၄၁၀၀၀ ထိရှိခဲ့၍ ၂၅ ရာခိုင်နှုန်း လျော့ကျခဲ့ပါကြောင်း၊ ၂၀၁၈ ခုနှစ်တွင် ဟက်တာ ၃၄၃၀၀ စိုက်ပျိုးမှုရှိခဲ့၍ ၂၀၁၇ ခုနှစ်ထက် ထပ်မံ၍ ၉.၁ ရာခိုင်နှုန်း လျော့ကျခဲ့သည်ကို တွေ့ရမှာဖြစ်ပါကြောင်း၊ ဘိန်းစိုက်ပျိုးမှုကို ရှမ်းပြည်နယ် တွင် အများဆုံးစိုက်ပျိုးပြီး ကချင်ပြည်နယ်၊ ကယားပြည်နယ်များတွင်လည်း စိုက်ပျိုး သည်ကို တွေ့ရှိရပါကြောင်း၊ ၁၉၉၉ ခုနှစ်တွင် မူးယစ်ဆေးဝါးပပျောက်ရေး ၁၅ နှစ် စီမံကိန်းနှင့် နောက်တိုး ၅ နှစ် စီမံကိန်းတွေကို ၂၀၁၉ ခုနှစ်ထိရေးဆွဲကာ မူးယစ်ဆေးဝါးပပျောက်ရေး လုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်လျက်ရှိပါကြောင်း။
ယခုအခါ ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC)၊ ထိုင်းနိုင်ငံ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးဘုတ်အဖွဲ့ (ONCB)တို့နှင့် ပူးပေါင်းပြီး ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဟိုပုံးမြို့နယ်၊ လွိုင်လင်မြို့နယ်၊ ပင်လောင်းမြို့နယ်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်များတွင် ရေရှည် တည်တံ့မည့် အစားထိုးဖွံ့ဖြိုရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မူးယစ်ဗဟို အဖွဲ့အ နေဖြင့် UNODC အပါအဝင် မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး မူးယစ်ဆေးဝါး ထိန်းချုပ် ရေးနှင့် ပတ်သက်၍ ထုတ်လုပ်မှု လျော့ချရေးနှင့် အစားထိုးဖွံ့ဖြိုးရေး၊ သုံးစွဲမှုလျော့ချရေး၊ နိုင်ငံ တကာ ပူးပေါင်း ဆောင်ရွက်ရေး၊ သုတေသနလုပ်ငန်းများ တိုးမြှင့်ရေးနှင့် လူ့အခွင့်အရေးပြဌာန်းချက်များနှင့်အညီ ဖြစ်စေ ရေးစသည့် ကဏ္ဍအသီးသီးကိုအခြေခံ၍ အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒအသစ်ကို ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလမှာ အတည်ပြုနိုင်ပြီး၊ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်မှာ နိုင်ငံတကာသို့ ထုတ်ပြန်ကြေငြာခဲ့ပြီး ဖြစ်ပါကြောင်း၊ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့်လည်း ထောက်ခံကြိုဆိုပြီး အသစ်ရေးဆွဲပြီးသော မူဝါဒလုပ်ငန်းစဉ်များအောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် မူးယစ်ဗဟို အဖွဲ့အနေဖြင့် အမျိုးသားမဟာဗျူဟာစီမံချက် (National Strategic Plan) ရေးဆွဲ ထားရှိပြီး ဘိန်းစိုက်ပျိုးမှုလျော့ချရေးကို အဓိကအခန်းကဏ္ဍအဖြစ် ထည့်သွင်းရေးဆွဲထားရှိပါကြောင်း၊ ရေးဆွဲပြီးတဲ့ မူဝါဒသည် ပြည်သူ့ ကျန်းမာရေးကို ဦးစားပေးသောချဉ်းကပ်မှုများ၊ ဖွံ့ဖြိုးရေးကိုဦးစား ပေးသော ချဉ်းကပ်မှုများကို အလေးပေး ရေးဆွဲခဲ့ခြင်းဖြစ်ပြီး ရေရှည်တည်တံ့သောဖွံ့ဖြိုးရေးစီမံချက် အောင်မြင်ရေးအတွက် အထောက်အကူဖြစ်မှာဖြစ်ပါကြောင်း၊ ယင်း အစီရင်ခံစာတွင်ပါရှိသော ဘိန်း စိုက်ဧရိယာအကျယ်အဝန်း၊ ဘိန်းထုတ်လုပ်စိုက်ပျိုးမှုပုံစံများအနေဖြင့် မူးယစ် ဆေးဝါး တိုက်ဖျက်ရေး ဆိုင်ရာမူဝါဒနှင့် မဟာဗျူဟာချမှတ်သူများအတွက် မရှိမဖြစ်လိုအပ်သည့် အချက် အလက်များဖြစ်ပါကြောင်း ပြောကြာသည်။
ဆက်လက်၍ အရှေ့တောင်အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) မှ Ms.Miwa Kato မှ အမှာစကားပြောကြားပြီး ဌာနေကိုယ်စားလှယ် Mr.Jeremy Douglas မှ အစီရင်ခံစာအချက်အလက်များအား Power Point ဖြင့် ရှင်းလင်းတင်ပြသည်။ ယင်းနောက် တက်ရောက်လာသည့် သတင်းမီဒီယာသမားများနှင့် သတင်းနှင့်စာနယ်ဇင်းကိုယ်စားလှယ်များ ၏မေးမြန်း ချက်များကို မူးယစ်ဗဟိုအဖွဲ့မှ တာဝန်ရှိသူများ၊ UNODC ကိုယ်စားလှယ်များမှ ရှင်းလင်းဖြေကြားသည်။
အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ သံတမန်များ၊ မူးယစ်ဗဟိုအဖွဲ့ဝင်များ၊ ဒုတိယညွှန်ကြားရေး မှူးချုပ်များ၊ ရန်ကုန်တိုင်းဒေသကြီး (မူး/စိတ်/တား)အဖွဲ့၊ ဥက္ကဌနှင့်အဖွဲ့၀င်များ၊ ကုလသမဂ္ဂမူးယစ် ဆေးဝါးနှင့်ပြစ်မှုဆိုင်ရာရုံး (UNODC) မှကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲအရာရှိကြီးများ၊ မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ ရဲအရာရှိကြီးများ၊ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ NGO နှင့် INGO ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံမူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်း MANA အဖွဲ့မှ ကိုယ်စားလှယ် များ၊ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ကိုယ်စားလှယ်များ၊ အမျိုးသမီးရေးရာ အဖွဲ့မှကိုယ်စားလှယ်များ၊ ပြည်တွင်းပြည်ပသတင်း မီဒီယာသမားများနှင့် သတင်းနှင့်စာနယ်ဇင်းကိုယ်စား လှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)