နေပြည်တော် ၂၅ နိုဝင်ဘာ
၂၀၁၈ ခုနှစ်၊ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) အခြေခံစာတတ်မြောက်ရေး လုပ်ငန်းအောင်မြင်ခြင်း ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့ နံနက်၁၀နာရီတွင် ခေတ္တရာ ရတနာမြို့တော်ခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း တက်ရောက် ဂုဏ်ပြုအမှာစကား ပြောကြားသည်။
ရှေးဦးစွာ ပြည်မြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက စာတတ်မြောက်ရေး ဝိုင်းကူပေး ယိမ်းအကဖြင့် သီဆိုဖျော်ဖြေဖွင့် လှစ်သည်။
ဆက်လက်၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာတွင် ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းနေခွင့်ရရှိရေး၊ ကျောင်းထွက်သူ ပပျောက်ရေး၊ အရည်သွေးပြည့် ပညာရရှိရေးတို့အတွက် ဆရာဆရာမများအနေဖြင့် ဝိုင်းဝန်းကူညီ ပေးကြစေလိုကြောင်း၊ ပဲခူးတိုင်း ဒေသကြီး(အနောက်ပိုင်း) ပေါက်ခေါင်း၊ ပေါင်းတည်၊ အုတ်ဖို၊ လက်ပံတန်းနှင့် သာယာဝတီ (၅)မြို့နယ်တွင် အခြေခံစာတတ်မြောက်ရေး လှုပ်ရှားမှုကို အောက်တို ဘာလ (၁၆) ရက်မှ နိုဝင်ဘာလ(၂၄) ရက်နေ့အထိရက်ပေါင်း (၄၀)ကြာအောင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း၊ ပြည်တက္ကသိုလ်နှင့် ပြည်ပညာရေးကောလိပ်တို့မှ ကျောင်းသားကျောင်းသူများ၊ ဆရာဆရာမများ၏ စေတနာလုပ်အားဖြင့် စာသင်သား(၂၀၅၅)ဦးကို စာသင်ဝိုင်း(၁၉၄)ဝိုင်းဖွဲ့ သင်ကြားခဲ့ကြောင်း၊ အခြေခံစာတတ်မြောက်ရေး ကာလအတွင်း သင်ကြားသင်ယူတတ်မြောက်ပြီးဖြစ်သော အခြေခံအရေးအဖတ် အတွက်မှစတင်၍ စာပေများမှရရှိသော အသိပညာ ဗဟုသုတများကတစ်ဆင့် မိမိတို့၏ဘဝလူနေမှု အဆင့်အတန်း မြှင့်တင်နိုင်ခြင်း လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အပံ့ဖြစ်ခြင်းများကို ရရှိစေမှာ ဖြစ်ပါကြောင်း။
၂၀၁၈ခုနှစ် ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) အခြေခံစာတတ်မြောက်ရေး လုပ်ငန်းအောင်မြင်ပြီးမြောက်ဖို့အတွက် အဖက်ဖက်က ကူညီပံ့ပိုးပေးကြပါသော တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ အခြေခံ စာတတ်မြောက်ရေး ကော်မတီအဆင့်ဆင့်မှ တာဝန်ရှိသူများ၊ အထူးသဖြင့် လုပ်အား ဒါနပြုကြသော ပြည်တက္ကသိုလ်၊ ကောလိပ်များမှ လုပ်အားပေးကျောင်းသား ကျောင်းသူများနှင့် ဆရာဆရာများအားလုံးကို ပညာရေးဝန်ကြီးဌာနမှ အထူးကျေးဇူးတင်ရှိပါကြောင်း စသည်ဖြင့် ဂုဏ်ပြုအမှာစကား ပြောကြားသည်။
ယင်းနောက် ပညာရေးဝန်ကြီးဌာန ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်(တာဝန်)ဒေါက်တာဇော်ဝင်းက ကျေးဇူးတင်ဂုဏ်ပြုအမှာ စကားပြောကြားသည်။
ထို့နောက် ပြည်မြို့၊ အခြေခံပညာ အထက်တန်းကျောင်း (အောင်ဆန်း)မှ ကျောင်းသားကျောင်းသူများက ဗုဒ္ဓပူဇနိယသီချင်းဖြင့် သီဆိုကပြဖျော်ဖြေကြသည်။
ဆက်လက်၍ သက်ဆိုင်ရာ တာဝန်ရှိသူများက သင်ယူပြီးမြောက်ခြင်း လက်မှတ်များနှင့် ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်သည်။
ထို့နောက် စာသင်သားကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်ဝမ်းမြောက်စကား ပြောကြားပြီး ပြည်မြို့ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ အလက(၂)မှ ကျောင်းသားကျောင်းသူများက ထာဝရသစ္စာ သီချင်းဖြင့် ကပြသီဆိုကြသည်။
ယင်းနောက် ပညာရေးဝန်ကြီးဌာနကျောင်းပြင်ပနှင့် တစ်သက်တာပညာရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန့်ဇင်ထွန်းက အခြေခံပညာ ကျောင်းသား ကျောင်းသူအကအဖွဲ့(၃)ဖွဲ့မှ ကိုယ်စားလှယ်များအား ဂုဏ်ပြုဆုငွေများ ပေးအပ်သည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) (၅)မြို့နယ် အခြေခံစာတတ်မြောက်ရေး လုပ်ငန်းလှုပ်ရှားမှု ပြခန်းများအား လှည့်လည် ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)