နေပြည်တော် ၅ ဒီဇင်ဘာ
၂၀၁၈ ခုနှစ်၊ ပညာရေးဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲ (အခြေခံပညာကဏ္ဍ) ဒုတိယနေ့အစီအစဉ်အား ယနေ့နံနက် ၁၀ နာရီတွင် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-2)၌ ဆက်လက်ကျင်းပသည်။
နှီးနှောဖလှယ်ပွဲသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လူမှုရေးဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အမျိုးသားပညာရေး မူဝါဒကော်မရှင်၊ အမျိုးသားသင်ရိုးညွှန်းတမ်း ကော်မတီ၊ အမျိုးသားပညာရေး အဆင့်အတန်းနှင့် အရည်အသွေးအာမခံမှု အကဲဖြတ်ရေးကော်မတီတို့မှ အဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခချုပ်နှင့် ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်များမှ ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ဆရာမများ၊ တပ်မတော် ကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ ကိုယ်စားလှယ်များ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ၊ ဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့အစည်းများ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမ အသင်းအဖွဲ့၊ ကျောင်းသားအသင်းအဖွဲ့နှင့် မိတ်ဖက်စာကြည့်တိုက်များမှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ အခြေခံပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(ပညာ) ဒေါက်တာတင်မောင်ဝင်းက သင်ကြားသင်ယူမှုလုပ်ငန်းများ ပိုမိုထိရောက် ကောင်းမွန်ရေးအတွက် (Project Activities)များ အသုံးပြုသင်ကြားရေး စာတမ်းခေါင်းစဉ်ဖြင့် လည်းကောင်း၊ အခြေခံပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးခင်အောင်ရီက အခြေခံပညာလုပ်ငန်းများအပေါ် အကြံပြုချက်များ ဖြေရှင်းရေးအစီအစဉ် (Suggestion Response Mechanism Implementation) အကောင်အထည်ဖော်ရေး စာတမ်းခေါင်းစဉ်ဖြင့် လည်းကောင်း၊ အခြေခံပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာထွန်းထွန်းသိန်းက ထိရောက်သော သင်ကြားသင်ယူမှုကို ဦးဆောင်မည့် ကျောင်းအုပ်ကြီးများ၏ အခန်းကဏ္ဍနှင့် အခြေခံပညာကျောင်းများတွင် ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်ရန် စာတမ်းခေါင်းစဉ်ဖြင့် လည်းကောင်း၊ အခြေခံပညာဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သင်းနုနုစိန်က အခြေခံပညာအထက်တန်း ပြီးမြောက်ကြောင်း လက်မှတ်ထုတ်ပေးနိုင်ရေးအတွက် စံသတ်မှတ်ချက်များ သတ်မှတ်ပေးရေးနှင့် အကောင်အထည်ဖော် ဆောင်ရွက်ရေး စာတမ်းခေါင်းစဉ်ဖြင့် လည်းကောင်း၊ အခြေခံပညာဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး (ငြိမ်း) ဦးငွေတိုးက အခြေခံပညာအဆင့် ပညာရေးစီမံခန့်ခွဲမှု၏ အခန်းကဏ္ဍ စာတမ်းခေါင်းစဉ်ဖြင့် လည်းကောင်း ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် ဆွေးနွေးပွဲ တက်ရောက်လာသူများအား အုပ်စုအဖွဲ့ငယ်(၆)စုခွဲကာ စာတမ်းခေါင်းစဉ်အလိုက် ဆွေးနွေးညှိနှိုင်းကြပြီး ဆွေးနွေးအကြံပြုချက်များကို စုစည်းမှတ်တမ်းတင်ကြသည်။
ယင်းနောက် အုပ်စုအဖွဲ့ငယ်အသီးသီး၏ ဆွေးနွေးချက်များအား ပြန်လည်တင်ပြကြပြီး ဆွေးနွေးညှိနှိုင်း စုစည်းကာ မှတ်တမ်းတင်ကြသည်။
ထို့နောက် အခြေခံပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက နိဂုံးချုပ် အမှာစကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)