၂၀၁၈ ခုနှစ် ရှမ်းပြည်နယ် (အရှေ့ပိုင်း) အခြေခံ စာတတ်မြောက်ရေး လုပ်ငန်းစတင် ဆောင်ရွက်

နေပြည်တော် ၂၀ ဇန်နဝါရီ

 

၂၀၁၈ ခုနှစ် ရှမ်းပြည်နယ် (အရှေ့ပိုင်း) အခြေခံ စာတတ်မြောက်ရေးလုပ်ငန်း ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီ ၁၉ ရက် မွန်းလွဲ ၂ နာရီတွင် ကျိုင်းတုံမြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။

 

ရှေးဦးစွာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က အဖွင့်အမှာစကား ပြောကြားပြီး  ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ၁၉၆၄ ခုနှစ်က စတင်ခဲ့သော ပြည်သူလူထုကို အခြေပြုသည့် စာတတ်မြောက်ရေးလှုပ်ရှားမှုအား ခေတ်အဆက်ဆက် အလေးထားဆောင်ရွက်ခဲ့ကြ ပါကြောင်း၊ ၁၉၇၁ ခုနှစ်နှင့် ၁၉၈၃ ခုနှစ်များတွင် ကုလသမဂ္ဂ လက်အောက်ခံ ယူနစ်စကို အဖွဲ့ကြီးက ချီးမြှင့်ခဲ့ သော မိုဟာမက်ရီဇာပါလာဗီဆု နိုမာဆုများသည် မြန်မာနိုင်ငံ စာတတ်မြောက်ရေးလုပ်ငန်းတွင် ပြည်သူ နှင့်အတူ ပူးပေါင်းလက်တွဲ ဆောင်ရွက်ခဲ့မှုကြောင့် ရရှိခဲ့သော အောင်မြင်မှုမှတ်တမ်းများ ဖြစ်ပါကြောင်း။

 

ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းနေရေး၊ မူလတန်းပညာ သင်ယူနေသူအားလုံး မူလတန်း ပညာ သင်ယူပြီးမြောက်ရေး အလေးထား ဆောင်ရွက်နေပါကြောင်း၊  အကြောင်းအမျိုးမျိုးကြောင့် ကျောင်းမနေ ဖူးသူများ၊ ကျောင်းနေအရွယ် လွန်သူများ၊ သက်ကြီး စာမတတ်သူများအတွက် အခြေခံစာ တတ်မြောက်ရေး လုပ်ငန်းနှင့် စဉ်ဆက်ပညာရေး လုပ်ငန်းများကို ကျောင်းပြင်ပ ပညာရေး လုပ်ငန်းစဉ်တစ်ခုအနေဖြင့် တိုင်းဒေ သကြီး/ ပြည်နယ် အစိုးရအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံ လူဦးရေ၏ ၁၀ ဒသမ ၅ ရာခိုင်နှုန်းသည် စာမတတ်သူများ ဖြစ်ကြပြီး ရှမ်းပြည်နယ်အတွင်း အကြောင်းအမျိုးမျိုးကြောင့် အခြေခံစာ မတတ်မြောက်သူ ၃၅ ဒသမ ၄ ရာခိုင်နှုန်း ရှိနေပါကြောင်း။

 

ယခု အခြေခံ စာတတ်မြောက်ရေးလုပ်ငန်း ဆောင်ရွက်မည့် ကျိုင်းတုံခရိုင် မြို့ပြ/ ကျေးလက် စာတတ်မြောက်မှု ရာခိုင်နှုန်းမှာ မြို့ပြတွင် ၇၄ ဒသမ ၆ နှင့် ကျေးလက်တွင် ၂၉ ဒသမ ၈ ဖြစ်ပြီး မိုင်းဖြတ် ခရိုင်တွင် မြို့ပြ ၆၄ ဒသမ ၉ နှင့် ကျေးလက်တွင် ၃၃ ဒသမ ၁ ရာခိုင်နှုန်းရှိပါကြောင်း၊ ပညာရေးဝန်ကြီးဌာန မှတ်တမ်းများအရ ရှမ်းပြည်နယ် (အရှေ့ပိုင်း) အခြေခံပညာ ကဏ္ဍတွင် ၂၀ဝ၆-၂၀ဝ၇ ပညာသင်နှစ်၌ သူငယ် တန်းကျောင်းသား (၁၀ဝ၀) ဦး တက်ရောက်ပါက ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် Grade-11သို့  (၁၆၆) ဦး ခန့်သာ ရောက်ရှိကြပြီး (၂၈) ဦးနှုန်းခန့် အောင်မြင်သဖြင့် (၁၀ဝ၀) မှာ ငါးယောက်နှုန်းသာ တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်သည်ကို တွေ့မြင်ရပါကြောင်း။

 

ဘက်စုံလွှမ်းခြုံနိုင်သော ပညာရေးကဏ္ဍ လေ့လာသုံးသပ်ရေးလုပ်ငန်း (CESR) အစီရင်ခံစာအရ မြန်မာနိုင်ငံတွင် ကျောင်းနေအရွယ် ကလေးငယ်ပေါင်း ၂ ဒသမ ၇ သန်းသည် အခြေခံပညာကျောင်း ထွက်သွား ကြသူများဖြစ်ပါကြောင်း၊    ဤအခြေအနေများကြောင့် ၂၀၁၆ ခုနှစ် စက်တင်ဘာလတွင် ကျောင်းပြင်ပနှင့် တစ်သက်တာ ပညာရေးဦးစီးဌာနကို ဖွဲ့စည်း၍ အခြေခံစာတတ်မြောက်ရေး လုပ်ငန်းများကို တိုးချဲ့ အကောင်အထည်ဖော် ဆောင်ရွက်နေပါကြောင်း၊ ယခင် နွေရာသီကာလ ဧပြီလနှင့်မေလတွင်သာ တစ်နှစ်လျှင် တစ်ကြိမ် ဆောင်ရွက်နိုင်ခဲ့သော်လည်း ယခုအခါ တစ်နှစ်ပတ်လုံး အခြေခံစာတတ်မြောက်ရေး လုပ်ငန်းများကို ဆောင်ရွက်နေပါကြောင်း၊ ယခု ၂၀၁၈ ခုနှစ် နှစ်စတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံခရိုင်နှင့် မိုင်းဖြတ် ခရိုင်အတွင်းရှိ မြို့နယ် (၇) မြို့နယ်တွင် သင်ယူသူ (၂၁၈၀) ကျော်အား နည်းပြ၊ ကြီးကြပ် (၃၈၈) ဦးတို့က ဇန်နဝါရီလ ၂၀ ရက်မှစ၍ ရက်ပေါင်း ၄၀ အတွင်း တစ်ရက်လျှင် ပျမ်းမျှ သင်ယူချိန် ၃ နာရီနှုန်းဖြင့် နာရီပေါင်း ၁၂၀ ကြာ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းကို သင်တန်းတက်ပြီးသည့် ဒေသခံလုပ်အားပေး ပြည်သူများ၊ အခြေခံပညာဆရာ/ ဆရာမများ၊ ရပ်မိရပ်ဖများ၏ ပူးပေါင်းမှုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ကျောင်းပြင်ပနှင့် တစ်သက်တာ ပညာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (ပညာ) ဒေါက်တာဇော်ဝင်းက အခြေခံစာ တတ်မြောက်ရေးလုပ်ငန်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် ရှမ်းပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းရှန်တစ်လုံ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်တို့က ကျိုင်းတုံမြို့ပေါ်ရှိ တက္ကသိုလ်၊ ကောလိပ်များနှင့် အခြေခံပညာ ကျောင်းများအတွက် အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းရာ သက်ဆိုင်ရာ ဆရာ/ဆရာမများက လက်ခံရယူသည်။

 

ထို့နောက်  ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အခြေခံပညာ ဆရာ/ဆရာမများနှင့် တွေ့ဆုံသည်။ အလားတူ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျိုင်းတုံတက္ကသိုလ် ခေမရဋ္ဌ်ခန်းမ၌ ကျိုင်းတုံတက္ကသိုလ်၊ အစိုးရနည်းပညာ အထက်တန်းကျောင်း၊ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်၊ ပညာရေးကောလိပ်များမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများနှင့်လည်း တွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။

 

(သတင်းစဉ်)