၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ တစ်နိုင်ငံလုံးတွင် ကျင်းပ

နေပြည်တော် ၇ မတ်

၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၇ ရက်(ယနေ့) နံနက် ၉ နာရီမှစ၍ မြန်မာတစ်နိုင်ငံလုံးတွင် တစ်ပြိုင်တည်း ဖြေဆိုလျက်ရှိပြီး စာစစ်ဌာနအနေဖြင့် နိုင်ငံရပ်ခြားရှိ မြန်မာနိုင်ငံသံရုံးများ၌ ၂၁ ခု၊ မြန်မာနိုင်ငံတွင်း ၁၇၂၁ ခု စုစုပေါင်း စာစစ်ဌာနပေါင်း ၁၇၄၂ ခုရှိကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ သိရသည်။

နိုင်ငံခြားစာစစ်ဌာန ၂၁ ခုတွင် ဖြေဆိုရန် စာရင်းသွင်းဦးရေ ၁၉၀ ဦးအပါအဝင် မြန်မာတစ်နိုင်ငံလုံးရှိ စာစစ်ဌာနများ၌ တက္ကသိုလ်ဝင်စာမေးပွဲကို ဖြေဆိုရန် စာရင်းသွင်းဦးရေ စုစုပေါင်း ၈၄၄၃၅၈ ဦးအထိ ရှိခဲ့သည်။

ယနေ့တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး စာစစ်ဌာနတွင် လူနာစာဖြေ စာရင်းပေးသူ ကိုးဦးအနက် နှစ်ဦး ကိုယ်စားဖြေဆိုခဲ့ပြီး ကျန်စာဖြေသူများအားလုံး ကိုယ်တိုင်ဖြေဆိုခဲ့ကြောင်း၊ မြောက်ဥက္ကလာပဆေးရုံကြီး စာစစ်ဌာနတွင် လူနာစာဖြေ တင်သွင်းထားသူ သုံးဦးစလုံး ကိုယ်တိုင်ဖြေဆိုခဲ့ကြောင်း၊ မြန်မာတစ်နိုင်ငံလုံးတွင် စိတ်ကြိုက်မြန်မာစာ ဘာသာတွဲနှင့် ဖြေဆိုသူ တစ်ဦးတည်းရှိကြောင်း၊ အင်းစိန် ဗဟိုအကျဉ်းထောင် စာစစ်ဌာနတွင် စာဖြေတင်သွင်းသူ ၃၄ ဦး၊ မန္တလေး ဗဟိုအကျဉ်းထောင် စာစစ်ဌာနတွင် ၅၇ ဦးရှိပြီး တစ်ဦးစီ ပျက်ကွက်ခဲ့ကြောင်း၊ ရွှေဘို၊ ဘားအံ၊ မြိတ်၊ တောင်ငူ၊ စစ်တွေနှင့် မြောင်းမြ အကျဉ်းထောင်တို့တွင် ဖြေဆိုရန် စာရင်းတင်သွင်းထားသူ ၁၆ ဦးအထိရှိကြောင်း၊ ကန့်ဘလူ၊ နမ့်စန်(တ)၊ တောင်ကြီး၊ အုတ်တွင်း (မြို့မ)နှင့် ထီးလင်း စသည့် ရဲစခန်းအချုပ်တို့တွင် အချုပ်သား ခြောက်ဦး ဖြေဆိုရန် စာရင်းတင်သွင်းထားကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် မျက်မမြင် စာဖြေသူ ၂၁ ဦး စာရင်းတင်သွင်းထားရာ အားလုံးဖြေဆိုကြကြောင်း၊ နားမကြား စာဖြေသူအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးတွင် လေးဦး၊ မန္တလေးတိုင်းဒေသကြီးတွင် လေးဦး၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် တစ်ဦးနှင့် ဧရာဝတီတိုင်းဒေသကြီးတွင် နှစ်ဦး စာရင်းတင်သွင်းထားရာမှ မန္တလေးတိုင်းဒေသကြီးတွင် တစ်ဦးပျက်ကွက်ခဲ့ကြောင်း၊ ယခုနှစ်တွင် နားမကြား စာဖြေသူများအတွက် မေးခွန်းပုံစံကို သဘောပေါက်နားလည်စေရန် လူမှုဝန်ထမ်းသင်တန်းကျောင်းမှ ဆရာ/ဆရာမများက (Sign Language)ဖြင့် ၁၅ မိနစ် ရှင်းလင်းပေးပါကြောင်း၊ ကိုယ်လက်အင်္ဂါမသန်စွမ်း စာဖြေသူအနေဖြင့် တစ်နိုင်ငံလုံးတွင် ၁၂၆ ဦး စာရင်းတင်သွင်းထားကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ သိရသည်။

MDN