မန္တလေး ၃၀ ဇန်နဝါရီ
၂၀၁၈ ခုနှစ်အတွင်း မြန်မာနိုင်ငံသို့ ပြည်ပဧည့်သည်ဝင်ရောက်မှု ၃ ဒသမ ၅ သန်းကျော်အနက် မန္တလေးတိုင်း ဒေသကြီးအတွင်းသို့ ပြည်ပခရီးသွား ၄၉၂၀၉၇ ဦး ဝင်ရောက်ခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန၏ စာရင်းများအရ သိရသည်။
မန္တလေးတိုင်းဒေသကြီးသို့ ၂၀၁၈ ခုနှစ်အတွင်း ပြည်ပနိုင်ငံများဖြစ်သော တရုတ်၊ ပြင်သစ်၊ ဂျာမနီနှင့် ထိုင်းနိုင်ငံ တို့မှ အများဆုံးဝင်ရောက်ပြီး တရုတ်နိုင်ငံမှ ပြည်ပခရီးသွားအများဆုံး ဝင်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ခရီးသွားများသည် မန္တလေးမြို့၏ အထင်ကရနေရာများဖြစ်သော ဦးပိန်တံတား၊ တောင်သမန်အင်း၊ ကုသိုလ်တော်ဘုရား၊ရွှေကျောင်းကြီး၊ မြနန်းစံကျော်ရွှေနန်းတော်၊မဟာမုနိဘုရား၊ မန္တလေးတောင်နှင့် မန္တလေးမြို့ရှိ ရှေးဟောင်းအဆောက်အဦများ၊ ရှေးဟောင်းစေတီပုထိုးများ၊ မြန်မာ့ရိုးရာ လက်မှုလုပ်ငန်းများ၊ အင်းဝဒေသရှိ ရှေးဟောင်းအဆောက်အဦများ၊ ရှေးဟောင်းစေတီပုထိုးများနှင့် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ရှေးဟောင်းစေတီပုထိုးများသို့ အများဆုံး သွားရောက် လေ့လာလည်ပတ်ကြကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီးအတွင်းသို့ နှစ်အလိုက် ကမ္ဘာ့လှည့်ခရီးသွား ဝင်ရောက်မှုအနေဖြင့် ၂၀၁၀ ခုနှစ်တွင် ၇၅၇၂၇ ဦး၊ ၂၀၁၁ ခုနှစ်တွင် ၉၉၀၁၆ ဦး၊ ၂၀၁၂ ခုနှစ်တွင် ၁၆၀၉၇၅ ဦး၊၂၀၁၃ ခုနှစ် တွင် ၂၁၉၅၁၈ ဦး၊၂၀၁၄ ခုနှစ် တွင် ၂၄၂၅၆၆ ဦး၊ ၂၀၁၅ ခုနှစ် တွင် ၃၀၆၄၃၂ ဦး၊၂၀၁၆ ခုနှစ် တွင် ၃၈၅၀၃၁ ဦး၊၂၀၁၇ ခုနှစ် တွင် ၄၈၃၇၈၄ ဦးနှင့် ၂၀၁၈ ခုနှစ်တွင် ၄၉၂၀၉၇ ဦး တို့ ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန၏ စာရင်းများအရ သိရသည်။
၂၀၁၈ ခုနှစ် အတွင်း မြန်မာနိုင်ငံသို့ ပြည်ပဧည့်သည်ဝင်ရောက်မှု မှာ လေကြောင်းဖြင့် လာရောက်သူ ၁၃၃၅၇၁၄ ဦး၊ အပျော်စီးသင်္ဘောဖြင့် ဝင်ရောက်သူ ၉၃၇၀၊ နယ်စပ်ဝင်ပေါက် မှ အတွင်းပိုင်းထိ လာရောက်သူ ၅၃၀၁၄ ဦး စုစုပေါင်း ဗီဇာဖြင့် လာရောက်သူ ၁၃၉၈၀၉၈ ဦး၊ နယ်စပ်တွင်ဝင်ရောက်သူ ၂၁၅၃၃၃၀ ဦး စုစုပေါင်း ၃၅၅၁၄၂၈ ဦး ရှိကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန စာရင်းအရသိရ သည်။
သန်းဇော်မင်း(ပြန်/ဆက်)