၈ ဖေဖေါ်ဝါရီ

 

ကမ္ဘာ့ပျမ်းမျှအပူချိန်မှာ ၂၀၁၈ ခုနှစ်အတွင်း စတုတ္ထမြောက် အပူဆုံးအဖြစ် စံချိန်တင်ခဲ့ကြောင်း အမေရိကန်သိပ္ပံ ပညာရှင်များက ကြေညာခဲ့သည်။ 


အမျိုးသား သမုဒ္ဒရာပိုင်းနှင့် ကမ္ဘာ့လေထုဆိုင်ရာဌာန (NOAA) နှင့် အမေရိကန်အာကာသအေဂျင်စီ (NASA) တို့က ကမ္ဘာတစ်ဝန်းရှိ ပြီးခဲ့သည့်နှစ် အပူချိန်ဆိုင်ရာ အချက်အလက်များကို ယမန်နေ့က အစီရင်ခံစာတစ်စောင် အတွင်း ထုတ်ပြန်ခဲ့သည်။  


ပြီးခဲ့သည့်နှစ်က ကမ္ဘာ့နိုင်ငံများ၏ ပျမ်းမျှအပူချိန်မှာ ၁၄ ဒသမ ၆၉ ဒီဂရီဆဲစီးယပ်စ် သို့မဟုတ် ၂၀ ရာစု၏ ပျမ်း မျှအပူချိန်ထက် ဝ ဒသမ ၇၉ ဒီဂရီ ပိုမြင့်မားခဲ့သည်။ ယင်းအပူချိန်မှာ အစောဆုံးမှတ်တမ်းတင်ခဲ့သည့် ၁၈၈၀ ခုနှစ်နောက်ပိုင်း စတုတ္ထမြောက် အပူဆုံးနှစ်ဖြစ်ခဲ့သည်။ 
အပူဆုံးနှစ်မှာ ၂၀၁၆ ခုနှစ်ဖြစ်ပြီး အပူချိန်အမြင့်ဆုံး ၅ နှစ်မှာ ၂၀၁၄ ခုနှစ်က စတင်ခဲ့သည်။ ကမ္ဘာ့အပူချိန်မှာ ရပ်တန့်မည့် လက္ခဏာမရှိကြောင်း အချက်အလက်များက ပြသနေသည်။


အမေရိကန်ပြည်ထောင်စုမှာ ၂၀၁၈ ခုနှစ်အတွင်း သဘာဝဘေးအန္တရာယ် ၁၄ ကြိမ် ကြုံတွေ့ခဲ့ရပြီး သဘာဝ ဘေးအန္တရာယ်တစ်ကြိမ်စီတွင် စီးပွားရေးအရ ဆုံးရှုံးနစ်နာမှုမှာ အမေရိကန်ဒေါ်လာ တစ်ဘီလီယံကျော် ရှိခဲ့ သည်။ ယင်းတို့ထဲတွင် အမေရိကန်နိုင်ငံတောင်ပိုင်းတွင်ဖြစ်ပွားခဲ့သော ဟာရီကိန်းမုန်တိုင်းများနှင့် ကယ်လီဖိုးနီး ယားပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် တောမီးလောင်ကြွမ်းမှုများ ပါဝင်ခဲ့သည်။


အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ကမ္ဘာကြီးပူနွေးလာမှုကိုဖြေရှင်းရန် ဆောင်ရွက်မှုအနည်းငယ် လုပ်ဆောင် ခဲ့သည်။ ကမ္ဘာကြီးပူနွေးလာမှု၏ အကျိုးသက်ရောက်မှုကို စတင်ခံစားနေရပြီး ကမ္ဘာ့နိုင်ငံအသီးသီးမှာ ဆိုးရွား သော မိုးရွာမှု၊ ဆီးနှင်းကျမှုနှင့် ရာသီဥတုမူမမှန်မှုများကို ခံစားနေရပြီဖြစ်ကြောင်း အစီရင်ခံစာ လေ့လာသူများ အနက် တစ်ဦးက ပြောကြားသည်။ 


ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဆောင်ရွက်ချက်နှင့် ရည်မှန်းချက်ကို ကမ္ဘာ့အဆင့်ထိ သိသိသာသာမြှင့်တင်ရန် မိမိတို့လိုအပ်ကြောင်း ထုတ်ပြန်ချက်တစ်ခုအတွင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ပြောကြားသည်။


ပြီးခဲ့သည့်နှစ် စက်တင်ဘာလ ၂၃ ရက်တွင်ကျင်းပခဲ့သည့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ထိပ်သီးအစည်းအဝေး မှာ ပါရီသဘောတူညီချက်၏ ရည်မှန်းချက်များ အောင်မြင်မှုရရှိရေး ရည်မှန်းချက်ဖော်ဆောင်မည့် နိုင်ငံရေးဆန္ဒ ဆော်သြစည်းရုံးရန်ရည်ရွယ်ကြောင်း ၄င်းက ဆက်လက်ပြောကြားခဲ့သည်။

ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်