၂၀၁၈ ရာသီ ပြည်တွင်းလိဂ်ပြိုင်ပွဲများမှ သွင်းဂိုးအများဆုံးဆုများ ချီးမြင့်

၆ ဇန်နဝါရီ


မြန်မာနေရှင်နယ်လိဂ်ကော်မတီသည် ၂၀၁၈ ရာသီ ပြည်တွင်းလိဂ်ပြိုင်ပွဲများတွင် သွင်းဂိုးအများဆုံးရခဲ့သည့် ကစားသမားများအား ယနေ့ညနေပိုင်းက အောင်ဆန်းကွင်း၌ ကျင်းပသည့် ချာရတီဖလားပြိုင်ပွဲ ပထမပိုင်းအပြီးတွင် ပေးအပ်ချီးမြင့်ခဲ့သည်။


၂၀၁၈ ရာသီတွင် လိဂ်ပြိုင်ပွဲ ခြောက်ခုကျင်းပခဲ့ပြီး MNL အမှတ်ပေးပြိုင်ပွဲတွင် ဂျိုးဇက် (ဟံသာဝတီ) က ၁၈ ဂိုး၊ ယူ-၂၁ အမှတ်ပေးပြိုင်ပွဲတွင် ဇော်ဝင်းနိုင် (Southern) က ၁၈ ဂိုး၊ ယူ-၁၉ ပြိုင်ပွဲတွင် ရိုဘင်တိုင်ဆန် (ရှမ်းယူနိုက်တက်) က ၂၂ ဂိုး၊ MNL-2 (ပထမတန်း) အမှတ်ပေးပြိုင်ပွဲတွင် လီယွန်တေလာ (ရွိုင်ရယ်သန်လျင်) က ၁၄ ဂိုး၊ ယူ-၂၀ အမှတ်ပေးပြိုင်ပွဲတွင် နိုင်ရဲအောင် (တက္ကသိုလ်) က ၁၉ ဂိုး၊ ယူ-၁၈ ပြိုင်ပွဲတွင် ရီဟန်ကိုကို (ဒဂုံ) က ၂၃ ဂိုးဖြင့် သွင်းဂိုးအများဆုံးဆုရခဲ့သည်။ ယခုဆုပေးပွဲတွင် အခြားလိဂ်သို့ ပြောင်းရွှေ့သွားသည့် ဂျိုးဇက်မှလွဲ၍ ကျန်ကစားသမားငါးဦးကို ဆုများချီးမြင့်ခဲ့ပြီး ဂျိုးဇက်အတွက် ဆုတံဆိပ်ကိုမူ ဟံသာဝတီအသင်းထံ ပေးအပ်မည်ဖြစ်သည်။ 


ယင်းဆုများကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဒုဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်နှင့် တာဝန်ရှိသူများက ပေးအပ်ချီးမြင့်သည်။

 

သတင်း-ညီမြတ်သော်တာ