၂၀၁၉ -၂၀၂၀ ဘတ်ဂျက်တွင် မန္တလေးတစ်မြို့လုံး မီးလင်းရေးဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။

၂၀၁၈-၂၀၁၉ ခုနှစ် မူလဘတ်ဂျက်တွင် လမ်းမီးလင်းရေးအတွက် ၂ ဒသမ ၃ ဘီလီယံကျော် လျာထားပြီး၊ ၂၀၁၉ ခုနှစ်တွင် မန္တလေးတစ်မြို့လုံး မီးလင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။ ယခုအချိန်တွင် မန္တလေးမြို့ သာယာလှပစေရေးအတွက် လမ်းမီးတိုင်များအား မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ ဆောင်ရွက်နေသလို လှူဒါန်းသည့် အလှူရှင်များ  ရှိလာသည်။ 

‘မန္တလေးမြို့ကို ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နေပါတယ်။ အဲဒီအထဲမှာ လမ်းမတွေ၊ လမ်းသွယ်တွေ အားလုံး လမ်းမီးတပ်ဆင်ရေး လုပ်ငန်းလည်း ပါဝင်ပါတယ်။ အခုဆိုရင် လမ်းမီးတိုင်အတွက် စည်ပင်က ဆောင်ရွက်တာရော၊ လှူဒါန်းတာရော ရှိပါတယ်။ လှူဒါန်းတာနဲ့ စည်ပင်ဘတ်ဂျက် ပေါင်းလိုက်ရင် ၂၀၁၉-၂၀၂၀ မှာ တစ်မြို့လုံးမီးလင်းနိုင်မှာပါ’ ဟု မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောသည်။ 

၂၀၁၈-၂၀၁၉ ဘတ်ဂျက်တွင် မီးလုံး ၉၀၀၀ ကျော်နဲ့ လမ်းမီးတိုင်တွေ ဝယ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။ ယနေ့အထိ အလှူရှင်မှ လမ်းမီးတိုင်အတွက် လှူဒါန်းငွေ ကျပ်သိန်း ၂၇၅၀ ကျော် လှူဒါန်းထားကြောင်းသိရသည်။ 

အလှူရှင်များမှ လှူဒါန်းသည့် လမ်းမီးတိုင်များမှာ Double Arm ၂၀၅ တိုင်၊ Single Arm ၉၄ တိုင် ရှိသည်။ Double Arm မီးတိုင် တစ်တိုင်အတွက် ကျပ် ၁၀ သိန်းရှိပြီး မီးသီးတစ်လုံးပါသည့် Single Arm လမ်းမီးတိုင်အတွက် ကျပ် ၇ သိန်းခွဲ သတ်မှတ်ထားကြောင်း သိရသည်။

မန္တလေးတိုင်း တစ်တိုင်းလုံးတွင် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်အထိ ကျေးရွာပေါင်း ၉၄၀ ကို မီးလင်းရေး ဆောင်ရွက်ထားပြီး၊ ရာခိုင်နှုန်း ၅၇ ရာခိုင်နှုန်းရှိကြောင်း မန္တလေးတိုင်းဒေသကြီး လျှပ်စစ်စွမ်းအင်းနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။

 

အိမို့မို့ခိုင်
ဓါတ်ပုံ- Ye Lwin facebook (မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်)