ကန့်ဘလူ ၁၄ ဩဂုတ်
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်စည်ပင်သာယာရေးကော်မတီ၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေးလိုင်စင်များ ဈေးပြိုင်စနစ်ဖြင့်လေလံတင်ရောင်းချပွဲကို အဆိုပါရုံးအစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၁၀ နာရီခွဲက ကျင်းပခဲ့ကြောင်း သိရသည်။
လေလံတင်ရောင်းချပွဲအခမ်းအနားတွင် လေလံကြီးကြပ်ရေးအဖွဲ့ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးဇော်နိုင်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး လေလံတင်ရောင်းချမှုအဖွဲ့ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးတင့်လွင်က လေလံတင်ရောင်းချခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ကန့်ဘလူမြို့နယ်စည်ပင်သာယာရေးကော်မတီ၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် အရပ်ရပ်အခွင့်အရေးလိုင်စင်များအား ၁/၂၀၁၉ လေလံကြေငြာစာပါ အစီအစဉ်များအတိုင်း လုပ်ငန်းအမျိုးအစားတစ်ခုချင်းအလိုက် ဈေးပြိုင်စနစ်ဖြင့်လေလံတင်ရောင်းချခဲ့သည်။
အဆိုပါ လေလံတင်ရောင်းချပွဲတွင် လိုင်စင်အမျိုးအစားပေါင်း ၆၂ ခုရှိရာ လိုင်စင် ၃၄ ခုကို ငွေကျပ် ၂၀ ဒသမ ၈၆ သန်းဖြင့် ရောင်းချနိုင်ခဲ့ပြီး ကျန်လေလံလိုင်စင် ၂၈ ခုကို ယခုလ ၂၁ ရက်တွင် ဆက်လက်ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)


