မုံရွာ ၆  ဖေဖော်ဝါရီ

 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကျေးလက်ဒေသများမှထွက်ရှိသောထုတ်ကုန်များကို အချိန်မီစီးဆင်းနိုင်စေရန် ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ရေးအတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု ရန်ပုံငွေမှငွေကျပ် (၃၇၈၇.၁၄၃)  သန်း လျာထားပေးခဲ့ကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းကျော်မျိုးထံမှ သိရသည်။

 

“ကျေးလက်ကုန်ထုတ်လမ်းကဏ္ဍအတွက် အခုဘဏ္ဍာရေးနှစ်မှာချထားပေးတဲ့ငွေက အရင်ဘဏ္ဍာရေး နှစ်ထက်စာရင် ကျပ်သန်း(၁၉၀ဝ)ကျော်လောက်ပိုများတဲ့အတွက် ကုန်ထုတ်လမ်းတွေ ပိုပြီးအကောင်အထည်ဖော်နိုင်မှာ ဖြစ်ပါတယ်၊ ကျေးလက်ဒေသနေပြည်သူတွေအတွက် ပိုပြီးတော့ အကျိုးရှိမှာ ဖြစ်ပါတယ်” ဟု စစ်ကိုင်းတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းကျော်မျိုးက ပြောသည်။

 

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် အရှည်(၁၁/၁.၉၇)မိုင်ရှိ ဂျင်းမြေလမ်း(၄)လမ်း၊ အရှည်(၈၃/ ၆.၁၄)မိုင်ရှိ မြေသားလမ်းနှင့်ဂျင်းမြေလမ်း(၅၅)လမ်းတို့အား ဖောက်လုပ်မည်ဖြစ်ပြီး ၎င်းလမ်းများ တစ်လျှောက်တွင် စုစုပေါင်း အရှည်(၂၅၇)ပေရှိ ကွန်ကရစ်တံတား (၂၂)စင်း၊ အရှည် (၁၀)ပေရှိ သစ်သား တံတား (၁)စင်း၊ စုစုပေါင်းအရှည်(၂၃၈.၅)ပေရှိ ရေပြွန် (၇၃)ခု၊ စုစုပေါင်း အရှည် (၆၃၂)ပေရှိ ရေကျော် (၂၀)စင်း တို့အား ထည့်သွင်းဆောက်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

“ကုန်ထုတ်လမ်းတွေ ကျေးလက်ဒေသအတွက် ဘယ်လောက်တန်ဖိုးရှိတယ်ဆိုတာ ဒေသခံတောင်သူ တွေက ပိုပြီးတော့သိတယ်၊ ကုန်ထုတ်လမ်းတွေကို နိုင်ငံတော်စီမံကိန်းနဲ့ဘတ်ဂျက်များများနဲ့ ဆောင်ရွက်ပေးရင် ပိုပြီးတော့ကောင်းမှာဖြစ်တယ်၊ ကုန်ထုတ်လမ်းတွေကောင်းလာရင် တောင်သူတွေရဲ့ သီးနှံထုတ်ကုန်တွေကို သယ်ယူပို့ဆောင်ရေးတွေ ပိုပြီးအဆင်ပြေလာမယ်၊ ကုန်ထုတ်လမ်းတွေကို ပိုပြီးတော့လုပ်ဆောင်တဲ့အတွက် ဒေသခံ တောင်သူတွေကိုယ်စား ဝမ်းမြောက်ဝမ်းသာကြိုဆိုပါတယ်၊ ဒေသတောင်သူတွေရဲ့ လိုအပ်ချက်တွေဖြစ်တဲ့ အတွက် ပိုပြီးတော့အံဝင်ခွင်ကျဖြစ်ပါတယ်”ဟု ကသာမြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညီညီထွန်းက ပြောသည်။

 

၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်မည့် အစီအစဉ်အရ ကျောက်ခင်းလမ်း (၂)လမ်း၊ မြေသားလမ်း(၁၉)လမ်း၊ ဂျင်းမြေလမ်း(၂၇)လမ်း ဖောက်လုပ်ခဲ့ပြီး ၎င်းလမ်းများ တစ်လျှောက်တွင်လိုအပ်သည့် တံတား(၂)စင်း၊ ရေပြွန်(၁၀)ခု၊ ရေကျော်(၅)စင်းနှင့် မြေထိန်းနံရံ(၂)ခု တို့ကို လုပ်ဆောင်ပေးနိုင်ခဲ့ကြောင်း သိရသည်။

 

ဝင်းဦး(ဇေယျာတိုင်း)