အင်းတော် ၁၄ ဩဂုတ် 


စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်  မြို့နယ်စည်ပင်သာယာရေးကော်မတီရုံး အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၁၀ နာရီခွဲက ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေး လိုင်စင်များအား ဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချပွဲ အခမ်းအနားကို ကျင်းပခဲ့သည်။


အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဉက္ကဌ ဦသိန်းတန်က အဖွင့်အမှာစကား ပြောကြားကာ မြို့နယ်စည်ပင်သာယာရေးကော်မတီဉက္ကဌ ဦးဝင်းဆွေမြင့်က အရပ်ရပ်အခွင့်အရေး လိုင်စင်စည်းကမ်းချက်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။


ထို့နောက် မြို့နယ်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး၊ မြို့နယ်အမှုဆောင်အရာရှိ ဦးအေးမင်း ထွန်းက အရပ်ရပ်အခွင့်အရေးလိုင်စင်စည်းကမ်းချက်များနှင့်ပတ်သက်၍ ဖြည့်စွက်ရှင်းလင်းပြောကြားကာ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါက်တာကျော်မင်းဦးက သားသတ်လိုင်စင်များနှင့် ပတ်သက်၍ လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များအား ရှင်းလင်းဆွေးနွေးခဲ့ပြီး လေလံဆွဲဝယ်ယူရန် တက်ရောက်လာသော ပုဂ္ဂိုလ်များမှ မရှင်းလင်းသည်များကို ပြန်လည်မေးမြန်း ဆွေးနွေးတင်ပြခဲ့ကြကာ အရပ်ရပ်အခွင့်အရေးလိုင်စင်များအား ဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချခဲ့သည်။


အင်းတော်မြို့နယ်အနေဖြင့် အမဲသားသတ်လုပ်ငန်း(၅)ခု၊ ဝက်သားသတ်လုပ်ငန်း(၈) ခု၊ တိုင်းဒေသကြီး မြို့ဝင်ကြေးဘီးကောက်လိုင်စင်၊ မြို့မဈေးစက်ဘီးရပ်နားစခန်းလိုင်စင်၊ အင်းတော်ဈေး၊ မဲဇာဈေးနှင့်နန့်စီးအောင်ဈေး ကောက်လိုင်စင်များ၊ မြို့မဈေးရေလောင်းအိမ်သာလိုင်စင်၊ ကျွဲ/နွားပွဲဈေးလိုင်စင်တို့နှင့် မော်လူးမြို့အတွက် အမဲသားသတ်လိုင်စင်တစ်ခု၊ ဝက်သားသတ်လိုင်စင်တစ်ခုနှင့် ဈေးကောက်လိုင်စင်တစ်ခုတို့ရှိပြီး ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်(၁ - ၁၀ - ၂၀၁၉ မှ ၃၀ - ၉ - ၂၀၂၀) အထိ တစ်နှစ်တာကာလအပိုင်းအခြားအတွက် လုပ်ကိုင်ဆောင်ရွက်ခွင့်အဖြစ် သားသတ်လိုင်စင်များအား ခေါင်းခွန်ကောက်လေလံစနစ်ဖြင့်လည်းကောင်း၊ ကျန်လုပ်ငန်းလိုင်စင်များအား ဈေးပြိုင်စနစ်ဖြင့် လည်းကောင်း လေလံတင် ရောင်းချသွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။


ငြိမ်းအိအိဖြိုး