မုံရွာ ၁၆  ဒီဇင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် အရေးပေါ် ကမ်းပြို ကာကွယ်ရေး လုပ်ငန်းများ လုပ်ဆောင်နိုင်ရန်အတွက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေမှ ငွေကျပ် (၁၈၂.၅)သန်းကို အသုံးပြုသွားရန် လျာထားကြောင်း စစ်ကိုင်းတိုင်းဒေသကြီးရေးအရင်းအမြစ် နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးဘုန်းကျော်စိန်၏ ပြောကြားချက် အရ သိရသည်။

 

““ကမ်းပြိုကာကွယ်ရေးလုပ်ငန်းတွေကို တော့ပုံမှန်အတိုင်းလုပ်ဆောင်နေတယ်၊ အရေးပေါ်ကမ်းပြို ကာကွယ်ရေး လုပ်ငန်းတွေကတော့ မိုးတွင်းကာလတွေမှာ မြစ်ရေ၊ချောင်းရေတိုက်စားလို့ အမြန်လုပ်ဆောင်ပေးဖို့ လိုအပ်တဲ့နေရာတွေအတွက် လုပ်ဆောင်ပေးသွားဖို့ ဖြစ်ပါတယ်၊ သက်ဆိုင်ရာ မြို့နယ်က လွှတ်တော် ကိုယ်စား လှယ်တွေ၊ မြို့နယ်အုပ်ချုပ်ရေးဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီး လုပ်ဆောင်ပေးဖို့ အတွက် လျာထားတာ ဖြစ်ပါတယ်၊ တိုင်းဒေသကြီးအတွင်းက မည့်သည့်မြို့နယ်မှာ မဆို လိုအပ်တဲ့နေရာတွေမှာ လုပ်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်”” ဟု စစ်ကိုင်းတိုင်း ဒေသကြီး ရေးအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးဘုန်းကျော်စိန်က ပြောသည်။

 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းသို့ အဓိကဖြတ်သန်းစီးဆင်းလျက်ရှိသော ချင်းတွင်းမြစ်၊ ဧရာဝတီမြစ် မူးမြစ်နှင့် အခြားမြစ်များ၊ ချောင်းများ၌ မိုးရာသီတွင် အရေးပေါ်အခြေအနေများဖြစ်ပွားပါက ကမ်းပြို ကာကွယ်ရေး လုပ်ငန်းများကို အချိန်မီ လုပ်ဆောင်ပေးရန် ယခုဘဏ္ဍာရေးနှစ်တွင် ထည့်သွင်း လျာထားခြင်း ဖြစ်ကြောင်း သိရသည်။

 

ဝင်းဦး(ဇေယျာတိုင်း)