မြစ်ကြီးနား ၁၈ ဇွန်

 

ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ် ကချင်ပြည်နယ်၏ နောက်ထပ် ဘဏ္ဍာ ငွေခွဲဝေသုံးစွဲရေး ဥပဒေကြမ်းကို ယနေ့နံနက် ၁၀ နာရီတွင် ကချင်ပြည်နယ်လွှတ်တော်ရုံး၊ လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပသည့် ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် အထူးအစည်း အဝေး (၁/၂၀၂၀) တတိယနေ့တွင် လွှတ်တော်က အတည်ပြုကြောင်း ဆုံးဖြတ်လိုက်သည်။

 

အစည်းအဝေးတွင် ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၁၉-၂၀၂၀ခု၊ ဘဏ္ဍာရေးနှစ်၊ ကချင်ပြည်နယ်၏ နောက်ထပ် ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြည်နယ်ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးက အစည်းအဝေး ပထမနေ့တွင် ဥပဒေကြမ်းကော်မတီနှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ပြည်သူ့ငွေစာရင်းဆိုင်ရာကော်မတီတို့၏ စိစစ်ချက်အစီရင်ခံစာအကြံပြုချက်များ၊ ဥပဒေကြမ်းကော်မတီ ၏ ပြင်ဆင်ချက်အဆိုများနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအပေါ် ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့ပြီး လွှတ်တော်က အတည်ပြုပေးနိုင်ပါရန် တင်သွင်းရာ ပြည်နယ်လွှတ်တော်က အတည်ပြုကြောင်း ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

 

အဆိုပါ ဥပဒေကြမ်းကို အစည်းအဝေးပထမနေ့တွင် ကချင်ပြည်နယ်ဝန်ကြီးချုပ်၏ ထောက်ခံ တင်ပြချက်ဖြင့် ပြည်နယ်ဝန်ကြီးက လွှတ်တော်သို့တင်သွင်းခဲ့ရာ ပြည်နယ်လွှတ်တော် ဥပဒေကြမ်း ကော်မတီနှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ပြည်သူ့ငွေစာရင်းဆိုင်ရာကော်မတီတို့က စိစစ်ချက်အစီရင်ခံစာ တင်သွင်းခဲ့ခြင်းဖြစ်ပြီး အစည်းအဝေး ဒုတိယနေ့တွင် လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးက ဆွေးနွေးခဲ့ကြ ကာ ဥပဒေကြမ်းကော်မတီ၏ ပြင်ဆင်ချက်ပါ စိစစ်ချက်အစီရင်ခံစာကို အတည်ပြုခဲ့ပြီး ပြည်နယ်အစိုးရ အဖွဲ့ထံသို့ ပြန်လည်ပေးပို့ခဲ့ခြင်းဖြစ်သည်။

 

ယနေ့ အစည်းအဝေးတွင် လွှတ်တော်ဥက္ကဋ္ဌ ဦးထွန်းတင်နှင့် လွှတ်တော်ကိုယ်စားလှယ် (၄၉)ဦး တို့ တက်ရောက်ခဲ့ကြပြီး ကြယ်ပွင့်ပြမေးခွန်း (၂)ခုကို မေးမြန်းဖြေကြားခဲ့ကြပြီး အစည်းအဝေး တတိယ နေ့ကို ရပ်နားလိုက်ကာ ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် အထူးအစည်းအဝေး (၁/၂၀၂၀) ကို အောင်မြင်စွာကျင်းပပြီးစီးခဲ့ကြသည်။

 

ပြည်နယ်ပြန်/ဆက်