ဟိုပုံး ၁၃ ဇန်နဝါရီ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ၂၀၁၉ -၂၀၂၀ ပညာသင်နှစ် ဟိုပုံး မြို့နယ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်နှင့်ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ဇန်နဝါရီလ ၁၃ ရက် နံနက်(၁၀) နာရီတွင် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်စံလွင် ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးခွန်မောင်ဖြူ၊ ခရိုင်ပညာရေးမှူးဦစန်းယု၊ ခေတ္တမြို့နယ် အုပ်ချုပ်ရေးမှူး ဦးခွန်ကျော်သိန်း၊ မြို့နယ်ပညာရေးမှူးဒေါ်အေးအေးဝင်းတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။
ဆက်လက်၍ မူလွန်(၃)ကျောင်းသား ကျောင်းသူများက မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုခဲ့ကြပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်စံလွင်မှ ဆရာ/ဆရာမအားလုံးက ကျောင်းသား/ကျောင်းသူများ သင်ယူတတ်မြောက်မှု အရည်အသွေးကောင်းမှုရေးအတွက် စာမေး ပွဲတွင် ရမှတ်များများ ရအောင်သင်ကြားခြင်းစနစ်မှ စဉ်းစားတွေးခေါ်တတ်အောင် သင်ကြားနေပြီ ဖြစ်ပါကြောင်း၊ ဆရာဆရာမများအားလုံးကလည်း ပညာပြည့်ဝနှလုံးလှဖို့ လိုအပ်ပါကြောင်း၊ ပညာကို လက်ဆင့်ကမ်းရာတွင် ကျောင်းသားလူငယ်များကို စေတနာ၊ ဝါသနာ၊ အနစ်နာဖြင့် မိမိတို့ ရင်ဝယ်သားကဲ့သို့ သဘောထားကာ နှလုံးသားဖြင့် သင်ကြားပေးပြီး နိုင်ငံ့ဂုဏ်ဆောင် လူသားကောင်းများ ဖြစ်လာစေရေးအတွက် ဦးနှောက်နဲ့ လမ်းညွှန်ဆုံးမပေးရမှာ ဆရာဆရာမတိုင်း၏ တာဝန်ဖြစ်ပါကြောင်း၊ ဆရာဆရာမများ ကိုယ်တိုင်ကလည်း အရည်အသွေးမြင့်မားပြီး တစ်သက်တာ သင်ယူပြီး ကိုယ့်တပည့်များကို ကိုယ့်ထက်သာတဲ့ လူငယ်များအဖြစ် ပြုစုပျိုးထောင်ပေးနိုင်ရမည် ဖြစ်ပါကြောင်းပြောကြားသည်။ခရိုင်ပညာရေးမှူး ဦးစန်းယု မှပညာရေးစုံညီပွဲတော်တွင်ဆရာဆရာများ၊ ကျောင်းသားကျောင်းသူများ၏ စွမ်းရည်ကို ပြသရခြင်းဖြစ်ကြောင်း ပြောကြားသည်။ မြို့နယ်ပညာရေးမှူး ဒေါ်အေးအေးဝင်းမှ ပညာရေးဆိုင်ရာ အကြောင်းအရာများ ပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် အကပဒေသာများဖြင့် ဖျော်ဖြေခြင်း၊ နိုင်ငံတော်အဆင့် အခြေခံကဗျာလွတ်အကတွင် ရှမ်းပြည်နယ် တောင်ပိုင်းကိုယ်စားပြု တတိယဆုရ ဆရာမများအားလည်းကောင်း၊ တိုက်ကွမ်ဒိုဆုနှင့် တိုက်ကွမ်ဒို ကဗျာဆုရရှိသူများအား လည်းကောင်း၊ နည်းပြသင်တန်းနှင့် မြန်မာစာထူးချွန်ဆုနှင့်သင်္ချာ ဘာသာရပ်ထူးချွန်ဆု ရရှိသူများအားလည်းကောင်း၊ဉာဏဆုများကို တာဝန်ရှိသူများက အသီးသီး ဆုများချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဉက္ကဋ္ဌ ဦးခွန်စံလွင် နှင့်အဖွဲ့ဝင်များ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ ဆရာဆရာမများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
နေမင်းထွန်း(ပြန်/ဆက်)