မြစ်ကြီးနား ၁၆ ဇန်နဝါရီ
၂၀၁၉-၂၀၂၀ ပညာသင်နှစ် ကချင်ပြည်နယ် ပညာရေးစုံညီပွဲတော်နှင့် ထူးချွန်ဆုရကျောင်းသား/ ကျောင်းသူများအား ပညာရည်ချွန်ဆုပေးအပ်ပွဲကို ယနေ့နံနက် ၉ နာရီတွင် မြစ်ကြီးနားမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင် တက်ရောက်အားပေးသည်။
ရှေးဦးစွာ ပညာရေးစုံညီပွဲတော်မုခ်ဦးကို ပြည်နယ်အတွင်းရှိ လူရည်ချွန်မောင်မယ်လေးများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် အခမ်းအနား တက်ရောက်သူများက အခြေခံပညာ ကျောင်းပေါင်းစုံမှ ကျောင်းသား/ကျောင်းသူများ၏ ဖျော်ဖြေရေးအကနှင့် ကာယလေ့ကျင့်ခန်း သရုပ်ပြနေမှု၊ စာသင်ခန်းများအတွင်း ကျောင်းသား/ကျောင်းသူများ၏ ပညာရေးဆိုင်ရာ စွမ်းရည်ပြခန်းများကို လှည့်လည်ကြည့်ရှု အားပေးခဲ့သည်။
ထို့နောက် စုံညီပွဲတော်အခမ်းအနားကို အေးမြသီတာခန်း၌ ဆက်လက်ကျင်းပရာ ကျောင်းသား/ ကျောင်းသူများက မြန်မာ့သီချင်းဖြင့် သီဆိုဖျော်ဖြေဖွင့်လှစ်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်မှ အမှာစကားပြောကြားကာ ပြည်နယ်ပညာရေးမှူး ဒေါ်ခင်သန်းနွဲ့က ပွဲတော်ကျင်းပရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက် ထက်၊ လယ်၊ မူအဆင့် သန့်ရှင်းသာယာလှပဆုရ ကျောင်းများ၊ ဗဟိုအဆင့် သင်္ချာစွမ်းရည် ပြိုင်ပွဲ၊ နိုင်ငံတကာ လူငယ်ပေးစာပြိုင်ပွဲ၊ သင်္ချာအိုလံပစ်ပြိုင်ပွဲ၊ မြန်မာစွမ်းရည်ပြိုင်ပွဲ၊ အထိမ်းအမှတ်နှင့် National ICT Awards ပြိုင်ပွဲအသီးသီးတို့တွင် ဆုရရှိခဲ့သော ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများအား ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုငွေများကို အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ပြည်နယ်(ပြန်/ဆက်)