ပွင့်ဖြူ ၁၁ ဇွန်
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ရွာခိုင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲတွင် ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ်အတွက် မိဘဆရာအသင်းနှင့် ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင်များ ဖွဲ့စည်းဆောင်ရွက်ခြင်းကို ဇွန် ၁၀ ရက်၊ မွန်းလွဲ ၁ နာရီခွဲက အဆိုပါကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းခွဲရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ရှေးဦးစွာ ရွာခိုင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အိဖြူထွန်းက ကျောင်းပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် မိဘဆရာအသင်းနှင့် ကျောင်းအကျိုးတော်ဆောင်အဖွဲ့ ဖွဲ့စည်းဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းဆွေးနွေး ပြောကြားပြီး အလယ်တန်းပြဆရာ ဦးခင်မျိုးအောင်က ဖွဲ့စည်းဆောင်ရွက်မည့်အခြေအနေနှင့် အသင်းမှဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်များနှင့် စပ်လျဉ်းပြီး ရှင်းလင်းပြောကြားသည်။ ထို့နောက် တက်ရောက်လာကြသည့် ကျောင်းအကျိုးတော်ဆောင် အဖွဲ့ဝင်များနှင့် ကျောင်းသားမိဘများက မိဘဆရာအသင်းနှင့် ကျောင်းအကျိုးတော်ဆောင် အဖွဲ့ဝင်များ ဖွဲ့စည်းရန်အတွက် ဝိုင်းဝန်း အကြံပြုဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ တာဝန်ရှိသူများက ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ်အတွက် မိဘဆရာအသင်းနှင့် ကျောင်း အကျိုးတော်ဆောင်အဖွဲ့ ဖွဲ့စည်းခြင်းကို တက်ရောက်လာသူများ၏ အများသဘောဆန္ဒဖြင့် ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူး ၊ တွဲဖက်အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူး၊ စာရင်းစစ်နှင့် အဖွဲ့ဝင်များ စုစုပေါင်း ၁၇ ဦးအား အတည်ပြု ရွေးချယ် ဖွဲ့စည်းဆောင်ရွက်ပြီး ကျောင်းဝန်းအတွင်း အရိပ်ရ သစ်ပင်စိုက်ပျိုးနိုင်ရေး၊ KG တန်း ကလေးများ ဉာဏ်ရည် ဖွံ့ဖြိုးစေရေး အားကစားကွင်း ပြုလုပ်ရန်ကိစ္စရပ်များနှင့် ကျောင်းအတွက်လိုအပ်သည့် ပရိဘောဂပစ္စည်းများ ဝယ်ယူဖြည့်ဆည်းနိုင်ရေးကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)