ရန်ကုန် ၈ ဇန်နဝါရီ

 

၂၀၁၉-၂၀၂၀ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ် အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပသည်။

 

အခမ်းအနားအစီအစဉ် ပထမပိုင်းတွင် ပညာရေးစုံညီပွဲတော် အလံကိုင်ပင်မစစ်ကြောင်း ဦးဆောင်၍ ခရိုင်အလိုက် စစ်ကြောင်းများက ကွင်းအတွင်းသို့ နေရာယူကြပြီး ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းအား  အလေးပြုကြသည်။

 

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အဖွင့်အမှာစကား ပြောကြားရာတွင် ပညာရေးစုံညီ ပွဲတော်ကို မိမိတို့အနေဖြင့် ပိုမိုကောင်းမွန်သည့် ပညာရေးစနစ် ဖြစ်ပေါ်လာစေရန်နှင့် ပညာရေးစနစ် ပြုပြင်ပြောင်းလဲမှုများတွင် အားလုံး၏ ပူးပေါင်းပါဝင်မှုနှင့်အတူ ပူးပေါင်းပါ၀င် ဆောင်ရွက်နိုင်စေရန် ပညာရေးစုံညီပွဲတော်ကို နှစ်စဉ်နှစ်တိုင်း တိုင်းဒေသကြီးအဆင့် ကျင်းပဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ ယင်းသို့ ကျင်းပဆောင်ရွက်ရာတွင် နှစ်စဉ်နှစ်တိုင်း ဆောင်ရွက်လာခဲ့သည့် အခြေအနေများကို ပြန်ကြည့်မည်ဆိုပါက တစ်နှစ်ထက်တစ်နှစ် ပိုမိုကောင်းမွန်လာသည်ကို တွေ့မြင်ရကြောင်း၊ မိမိတို့ အစိုးရအဖွဲ့ စတင်တာ၀န်ယူပြီးနောက်ပိုင်း ပညာရေးစနစ် ပြုပြင်ပြောင်းလဲနိုင်ရေး အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း၊ ပညာရေးစနစ်၏ ပြုပြင်ပြောင်းလဲမှုများပေါ်တွင် စိန်ခေါ်မှုများစွာရှိမည်ဖြစ်ပြီး လိုအပ်ချက်များလည်း ရှိနေဦးမည်ဖြစ်ကြောင်း၊ ယင်းအခြေအနေအားလုံးကို မိမိတို့အနေဖြင့် ပြုပြင်ပြောင်းလဲဆောင်ရွက်မှု ပထမခြေလှမ်းမှစ၍ တစ်ဆင့်ချင်း ပိုမိုကောင်းမွန်သည့် အခြေအနေကိုရောက်ရှိလာစေရန် ကြိုးပမ်းဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ ပညာရေးပြုပြင်ပြောင်းလဲမှုကို ကျောင်းသား ကျောင်းသူများ၊ ဆရာ ဆရာမများ၊ မိဘများနှင့် ပြည်သူလူထုတစ်ရပ်လုံး၏ ပူးပေါင်းပါ၀င်မှုဖြင့်သာ ပညာရေးစနစ်ကို ပြုပြင်ပြောင်းလဲနိုင်မည်ဖြစ်ပြီး မိမိတို့နိုင်ငံအနေဖြင့် ပညာနှင့်နိုင်ငံကို ထူထောင်နိုင်ရန်အတွက် ဆက်လက်ကြိုးပမ်း သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဉီးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးလှအေး၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယဉက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ လူမှုရေး၀န်ကြီး ဦးနိုင်ငံလင်း၊ ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်နှင့် ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်မာဆွေတို့က ပညာရေးစုံညီပွဲတော်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

 

ထို့နောက် ကျောင်းသားကျောင်းသူများက စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်း အစီအစဉ်အမှတ်(၃ နှင့် ၄) တို့အား သရုပ်ပြခြင်း၊ စုံညီပွဲတော် ဒို့နွှဲပျော်သီချင်းဖြင့် သရုပ်ဖော်တင်ဆက်ခြင်းနှင့် ဘင်ခရာအဖွဲ့ စွမ်းဆောင်ရည် ပြသခြင်းတို့ကို သရုပ်ပြ ဖျော်ဖြေတင်ဆက်ကြသည်။

 

အခမ်းအနားအစီအစဉ် ဒုတိယပိုင်းတွင် အ.ထ.က(၂) ကမာရွတ်မှ ကျောင်းသား ကျောင်းသူများက “စုံညီပွဲတော် ဒို့နွှဲပျော်”သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။

 

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်မာဆွေက ပညာရေး စုံညီပွဲတော်နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် တာ၀န်ရှိသူများက ထူးချွန်ဆုရရှိသည့် ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ကျောင်းသားကျောင်းသူများက ဖျော်ဖြေရေးအစီအစဉ်များဖြင့် ဆက်လက်တင်ဆက်ခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်