နေပြည်တော် ၈ ဇန်နဝါရီ 

၂၀၁၉-၂၀၂၀ ပညာသင်နှစ် ပြည်ထောင်စုနယ်မြေ နေပြည်တော် ပညာရေးစုံညီပွဲတော် အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် နေပြည်တော် အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။ 

ရှေးဦးစွာ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း တပ်ကုန်းမြို့မှ ကျောင်းသားကျောင်းသူများက “စုံညီပွဲတော် တို့နွဲပျော်” သီချင်းဖြင့် သီဆိုဖျော်ဖြေ၍ အခမ်းအနားကို စတင်ဖွင့်လှစ်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ၏ ကဏ္ဍအသီးသီးမှ စွမ်းဆောင်မှုများကို ထုတ်ဖော်ဂုဏ်ပြုနိုင်ရန် ၁၉၉၈-၁၉၉၉ ပညာသင်နှစ်မှစ၍ နှစ်စဉ် “ပညာရေးစုံညီပွဲတော်နေ့”ကို သတ်မှတ်ကျင်းပခဲ့ပါကြောင်း၊ ပညာရေးစုံညီပွဲတွင် ပညာရေးဖွံ့ဖြိုးမှု ပြခန်းများ၊ ကျောင်းသား၊ ကျောင်းသူများ၏ စွမ်းရည်ပြပွဲများနှင့် တိုင်းဒေသကြီး/ပြည်နယ် အသီးသီးမှ ဘက်စုံပညာထူးချွန် ကျောင်းသား၊ ကျောင်းသူများကို ဆုချီးမြှင့်ပေးခဲ့ပါကြောင်း။

ပညာရည်တိုးတက်မြင့်မားရေးအတွက် ဖြည့်ဆည်းပေးရန် လိုအပ်ချက်များကို မိဘပြည်သူများ၊ ကျောင်းအကျိုးတော်ဆောင် အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ပညာရေးစုံညီပွဲတော်၏ အစီအစဉ် တစ်ရပ်ဖြစ်သည့် ဗဟိုအဆင့်တွင် ဒသမတန်းဘက်စုံပညာထူးချွန်သူများ၊ အဋ္ဌမတန်းဘက်စုံ ပညာထူးချွန်သူများ၊ မူလတန်း၊ အလယ်တန်းအဆင့် အင်္ဂလိပ်စာ၊ သင်္ချာပြိုင်ပွဲဆုရသူများ၊ သင်္ချာအိုလံပစ်ပြိုင်ပွဲ ဆုရသူများ၊ နိုင်ငံတကာပန်းချီပြိုင်ပွဲတွင် ဆုရရှိသူများ၊ အပြည်ပြည်ဆိုင်ရာ အားကစားပြိုင်ပွဲများတွင် ဆုတံဆိပ်ရရှိသူများ၊ ကျောင်းနှင့်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး ဆောင်ရွက်ရာတွင် ထူးချွန်ဆုရ ကျောင်းများ၊ ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းနေရေး စီမံချက်အရ ထူးခြားသည့် ကျောင်းသား၊ ကျောင်းသူများ (Students of the Year)နှင့် ဂုဏ်ထူးဆောင် ကျောင်းသား၊ ကျောင်းသူများ (Students of Honor) ကို ဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြှင့်ခဲ့ပါကြောင်း၊ ပညာရေးကဏ္ဍအတွက် ကောင်းမွန်သည့် ရည်ရွယ်ချက်များ ချမှတ်ပြီးဆောင်ရွက်ခဲ့သည့် ပညာရေးစုံညီပွဲတော်ကို နှစ်စဉ်ဆက်လက်ပြီး ကျင်းပသွားနိုင်ရန် သက်ဆိုင်ရာ တာဝန်ရှိသူများက အကောင်အထည်ဖော်ပေးကြရန် လိုပါကြောင်း။

အခြေခံပညာကဏ္ဍတွင် ပညာရေးစုံညီပွဲတော်ကို ကျင်းပပေးခြင်းသည် ကျောင်းသား၊ ကျောင်းသူများ နောင်အနာဂတ်တွင် လျှောက်လှမ်းရမည့်လမ်းကို အစပျိုးပေးခြင်းတစ်ခုဖြစ်ပါကြောင်း၊ ပညာရေးစုံညီပွဲတော်ဟု ဆိုသည့်အတိုင်း မိဘပြည်သူများ၊ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူ၊ ပညာရေးဌာနများ၏ အရည်အသွေးများဖြင့် စုံစုံညီညီပျော်ပျော်ရွှင်ရွှင်၊ တက်တက်ကြွကြွ ပူးပေါင်းပါဝင်၍ ဝိုင်းဝန်းဆောင်ရွက်ပေးကြစေလိုပါကြောင်း ပြောကြားသည်။ 

ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဝင် ဦးအေးမောင်စိန်၊ ဒက္ခိဏသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်ထွန်း၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် နေပြည်တော်ကောင်စီနယ်မြေ ပညာရေးမှူးတို့က ၂၀၁၈-၂၀၁၉ ပညာသင်နှစ်အတွင်း ထူးချွန်ဆုရ ဆရာ ဆရာမများ၊ ကျောင်းသားကျောင်းသူများအား ဆုများချီးမြှင့်ကြသည်။

ဆက်လက်၍ ကျောင်းသားကျောင်းသူများလေးက တေးဂီတသရုပ်ဖော်အကများဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။ အခမ်းအနားအပြီးတွင် နေပြည်တော်ကောင်စီဝင် ဦးအေးမောင်စိန်နှင့် ဧည့်သည်တော်များက စုံညီပွဲတော်အတွင်း ပြသထားသည့် ပြခန်းများအား လှည့်လည်ကြည့်ရှု အားပေးကြကြောင်း သတင်းရရှိသည်။ 

သတင်းစဉ်