မန္တလေး ၂၅ မတ်
၂၀၁၉ ခုနှစ် ဇန်နဝါရီမှ မတ်လအတွင်း မြန်မာနိုင်ငံ၌ ငလျင်လှုပ်ခတ်မှုအကြိမ်ရေ ၃၅ ကြိမ်ထိ လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (နေပြည်တော်) ထံက သိရသည်။
ငလျင်လှုပ်ခတ်မှုမှာ ယခင်နှစ်စများထက် အကြိမ်ရေ သိသာစွာ မြင့်တက်လာပြီး ၂၀၁၅ ခုနှစ်မှစတင်၍ မြန်မာ နိုင်ငံတွင် နှစ်အလိုက်ငလျင်လှုပ်ခတ်မှု အကြိမ်ရေမှာ တစ်နှစ်လျှင် နှစ်ဆခန့် ပိုမိုများပြားလာကြောင်း သိရသည်။
" ဟိုတစ်နေ့က တစ်ရက်တည်း နှစ်ကြိမ်လုပ်တာရောပါဆိုရင် ဒီသုံးလအတွင်းကို ၃၅ ကြိမ်ရှိပြီ။ အရင်နှစ်စတွေကထက် စာရင်တော့ ငလျင်ကြိမ်ရေကပိုများလာတယ်။ နောက်ပြီး ၃၅ ကြိမ်ထဲမှာ အင်အားရစ်ချ်တာစကေး အဆင့် ၅ ကျော်တဲ့ ငလျင်ငါးကြိမ်ပါဝင်ခဲ့တယ် " ဟု မြန်မာနိုင်ငံ မြေငလျင်ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
နှစ်အလိုက် ငလျင်လှုပ်ခတ်မှုများအနေဖြင့် မြန်မာနိုင်ငံ၌ ၂၀၁၅ ခုနှစ်တွင် စုစုပေါင်း ငလျင် ၂၃ ကြိမ်၊ ၂၀၁၆ ခုနှစ်တွင် စုစုပေါင်းငလျင် ၃၈ ကြိမ်၊၂၀၁၇ ခုနှစ်တွင် စုစုပေါင်း ငလျင် ၆၅ ကြိမ်ထိ လှုပ်ခတ်ခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် ငလျင်အကြိမ်ရေ ၁၅၉ ကြိမ်ထိ လှုပ်ခတ်ခဲ့ကြောင်း သိရသည်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ငလျင်တိုင်းတာရေး စနစ်ကိရိယာများ ပိုမိုတိုးတက် ကောင်းမွန်လာခြင်းကြောင့် မြန်မာနိုင်ငံအတွင်း၌ ငလျင်လှုပ်ခတ်သမျှ မှတ်တမ်းများကို ယခုလို မှတ်တမ်း တင်ထားနိုင်ကြောင်း သိရသည်။
သူရိန်လင်း