ရန်ကုန် ၄ ဇွန်
၂၀၁၉ ခုနှစ်အတွက် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီ၏ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ သိမ်ဖြူ လမ်းရှိ ဗဟိုပုံနှိပ်စက်ရုံ အစည်းအဝေးခန်းမနှင့် ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာအသံနှင့် ရုပ်မြင်သံကြားတို့တွင် နေရာခွဲ၍ Video Conferencing ဖြင့် ကျင်းပမှုအပြင် နေအိမ်မှ Zoom Cloud ဖြင့် ဝင်ရောက်ဆွေးနွေးမှုတို့ဖြင့် ကျင်းပရာ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က တက်ရောက် ဆွေးနွေးသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ယနေ့ကျင်းပသည့် ၂၀၁၉ ခုနှစ်အတွက် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီ၏ ပထမအကြိမ် ညှိနှိုင်း အစည်းအဝေးကို ကိုဗစ်-၁၉ ဖြစ်ပွားမှု အခြေအနေအရ ယခုတစ်နေရာတည်းတွင်သာ စုံညီကျင်းပခြင်းမျိုးမဟုတ်ဘဲ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၌ နေရာခွဲခြား ကျင်းပမှု အပြင် ပညာရှင်အချို့လည်းနေအိမ်မှ ပါဝင်ဆွေးနွေးမှုဖြင့် စီစဉ်ကျင်းပခြင်းဖြစ်ပါ ကြောင်း၊ ကော်မတီ၏ ပထမဆုံးအကြိမ် ညှိနှိုင်းအစည်းအဝေးကို ကိုဗစ်-၁၉ ဖြစ်ပွားမှု အခြေအနေအရ ယခင်နှစ်ကထက် တစ်လခန့် နောက်ကျပြီးမှ ကျင်းပနိုင်သော်လည်း အမျိုးသားစာပေဆု ချီးမြှင့်သည့်(စာဆိုတော်နေ့) နတ်တော်လဆန်း ( ၁) ရက်နေ့တွင် ကျရောက်မည့် အမျိုးသားစာပေဆုချီးမြှင့်သည့် အခမ်းအနားမှာလာမည့် ဒီဇင်ဘာလ (၁၅) ရက်မှ ဖြစ်သည့်အတွက် ( ၁၀ )ရက်ခန့်သာ နောက်ကျရာ ဆောင်ရွက် ချိန် (၆)လခန့် ရရှိသဖြင့် အချိန် လုံလောက်စွာရ ရှိသည်ဟု မြင်ပါကြောင်း။
အမျိုးသားစာပေဆုသည် နိုင်ငံတော်က အသိအမှတ်ပြုချီးမြှင့်ခြင်းဖြစ်သည့် အတွက် တန်ဖိုးထား ဂုဏ်ယူရသကဲ့သို့ စာပေသမားများအပြင် ပရိသတ်များအနေဖြင့် လည်းတန်ဖိုးထား လေးစားမှုရှိပါကြောင်း၊ နိုင်ငံတကာဆက်ဆံရေးတွင်လည်း ယင်းဆုရ ပုဂ္ဂိုလ်များကို အသိအမှတ်ပြုပြီး လေးစားမှုရှိပါကြောင်း၊ ထိုကဲ့သို့ တန်ဖိုးထား ကြခြင်းမှာ စာပေဆုရွေးချယ်ရေးကော်မတီ၏ အမြော်အမြင်ရှိမှု၊ သမာသမတ်ကျမှုတို့ အပေါ်တွင် လည်း မူတည်ပါကြောင်း၊ မလိုလားအပ်သော အားနာမှု၊ လိုက်လျောမှုတို့ကြောင့် ဆုရရှိမှု အရည်အသွေးအပေါ် ဝေဖန်မှုများလာပါက ဂုဏ်သိက္ခာနှင့် တန်ဖိုးထိခိုက် အားနည်းနိုင်ပါကြောင်း၊ ထို့ကြောင့် ကော်မတီဝင်များအနေဖြင့် ပါဝင်ဆောင်ရွက်ရချိန် တွင် အလေးအနက်ထား ဆောင်ရွက်ကြစေလိုပါကြောင်း၊ ယင်းအချက်ကို ကော်မတီဝင်များအနေဖြင့် သိရှိပြီးဖြစ်သော်လည်း ပထမဆုံးအကြိမ် ဆုရွေးချယ်ရေး အစည်းအဝေးတွင် ပြောသင့်ပြောထိုက်သည့ဟု ခံယူပြီး ပြောဆိုရခြင်း ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီ ဥက္ကဋ္ဌ စည်သူ ဒေါက်တာ သော်ကောင်း နှင့် ၂၀၁၉ ခုနှစ် အမျိုးသားစာပေဆု စိစစ် ရွေးချယ်ရေး ကော်မတီ ဒုတိယဥက္ကဋ္ဌ(၁) ဒေါက်တာခင်အေး (မောင်ခင်မင်-ဓနုဖြူ) တို့က Video Conferencing ဖြင့် အမှာစကားပြောကြားကြသည်။
ယင်းနောက် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန ခေတ္တ ညွှန်ကြားရေးမှူးချုပ် ဦးကို ကိုနိုင်က စာပေဆုဆိုင်ရာ စီစဉ်ဆောင်ရွက်ထားရှိမှုများနှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြ သည်။
ဆက်လက်၍ အမျိုးသားစာပေဆုစိစစ်ရွေးချယ်ရေးကော်မတီ အတွင်းရေးမှူး ဦးသန်းအုန်း(မောင်ဇေယျာ)က အမျိုးသား စာပေဆုအတွက် ရွေးချယ်ရေးဆိုင်ရာများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် တက်ရောက်လာကြသူများက ဆုရွေးချယ်ရေးကော်မတီ ဖွဲ့စည်း ထားမှုအခြေအနေ၊ ဆုရွေးချယ်ရေးဆိုင်ရာ စည်းမျဉ်:စည်းကမ်းများ၊ ဆုရစာအုပ်များနှင့် စပ်လျဉ်း၍လည်းကောင်း၊ စာအုပ်အမျိုးအစား ခွဲခြားထားရှိမှု၊ ကလေးစာပေဆုအတွက် ပိုမိုပီပြင်ခေတ်မီသော ဆုစည်းကမ်းများ ပြောင်းလဲသတ်မှတ်ရေး၊ ဆုရွေးချယ်မှုဆိုင်ရာ လုပ်ငန်းများ ပြင်ဆင်ထားရှိမှု အခြေအနေများ၊ ပြိုင်ပွဲဝင်စာအုပ်များ ပြည်စုံစွာ လက်ခံ ရရှိမှု အခြေအနေနှင့် ဆုရွေးချယ်ရေးဆိုင်ရာ လုပ်ငန်းများ စီစဉ်ထားရှိမှုများနှင့် စပ်လျဉ်း၍ လည်းကောင်း ဝိုင်းဝန်း အကြံပြုဆွေးနွေးကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ်အမှာ စကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
၂၀၁၉ ခုနှစ် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီကို နိုင်ငံတော်အစိုးရ ပြန်ကြားရေးဝန်ကြီးဌာန၏ ၂၀၂ဝ ပြည့် နှစ် မတ် (၄)ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် ၂-၆(၃)/ ၂၀၂ဝ ဖြင့် ကော်မတီ ဥက္ကဋ္ဌအဖြစ် စည်သူဒေါက်တာသော်ကောင်း၊ ဒုတိယဥက္ကဋ္ဌများအဖြစ် ဒေါက်တာခင်အေး (မောင်ခင်မင်-ဓနုဖြူ)၊ ဦးခင်မောင်စိုး (မောင်ပေါ်ထွန်း)တို့ အပါအဝင် အဖွဲ့ဝင်စုစုပေါင်း (၅၄) ဦးတို့ဖြင့် ဖွဲ့စည်းထား ရှိကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာန၏ ပံ့ပိုးမှု ၊ ပုဂ္ဂလိက စာအုပ်စုဆောင်းသူ၊ စာအုပ်တိုက်ကြီးများ၊ စာကြည့်တိုက်များအကူအညီဖြင့် စာအုပ်များကို စုစည်းပြီး ဘာသာရပ်အလိုက် အဖွဲ့ ငယ်များ ထပ်မံ ဖွဲ့စည်းကာ အမျိုးသားစာပေစိစစ်ရွေးချယ်ရေး မူဝါဒများနှင့်အညီ စိစစ် ရွေးချယ်ရေး လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
သတင်းစဉ်


