ရန်ကုန် ၁ မေ
၂၀၁၉ ခုနှစ် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ (2019 May Day) အခမ်းအနားကို ယနေ့နံနက်ပိုင်း က ရန်ကုန်တိုင်းဒေသကြီး ၊ လှိုင်သာယာမြို့နယ် ၊ အောင်မြေသာယာဘောလုံးကွင်း၌ စည်ကားသိုက်မြိုက်စွာကျင်းပသည်။
နံနက် ၇ နာရီခန့်တွင် စက်ရုံ ၊ အလုပ်ရုံများမှ အလုပ်သမားများနှင့် မိသားစုဝင်များ၊ အလုပ်သမား သမဂ္ဂအဖွဲ့ဝင်များအပါအဝင် လူဦးရေငါးထောင်ကျော်တို့သည် အဆိုပါမြို့နယ်အတွင်းရှိ ဘုရားလမ်း ထိပ်မှတ်တိုင်နှင့် စနေမမှတ်တိုင် အနီးတို့တွင်စုဝေးကာ လမ်းကြောင်းနှစ်ခုခွဲပြီး သက်ဆိုင်ရာ ကဏ္ဍ အလိုက် သမဂ္ဂအလံများ ကိုင်ဆောင်၍ ၂၀၁၉ ခုနှစ် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ကို ဂုဏ်ပြုသောအားဖြင့် အခမ်းအနားကျင်းပရာနေရာသို့ ချီတက်လမ်းလျှောက်ကြသည်။
ထို့နောက် အောင်မြေသာယာ အားကစားကွင်း၌ ၂၀၁၉ ခုနှစ် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အခမ်းအနားကိုစတင်ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ထံမှအလုပ်သမားနေ့အခမ်းအနားသို့ပေးပို့သော သဝဏ်လွှာအား အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန် က ဖတ်ကြားသည်။
ယင်းနောက် အလုပ်သမား၊ လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေကအဖွင့် အမှာစကားပြောကြားရာတွင် နိုင်ငံတော်အနေဖြင့် ပြည်သူတစ်ရပ်လုံး၏ လူမှု စီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှုလျော့ချရေးအတွက် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များချမှတ်ပြီး အလုပ်သမားရေးရာ ပြင်ပြင်ပြောင်းလဲမှုများ ဆောင်ရွက်လျက်ရှိရာ ခေတ်စနစ်နှင့် မကိုက်ညီသည့် ဥပဒေများပြင်ဆင်ခြင်း။
အသစ်ပြန်လည်ရေးဆွဲခြင်းတို့ကို ကျွမ်းကျင်ပညာရှင်များ အပါအဝင် အစိုးရ၊ အလုပ်ရှင် ၊ အလုပ်သမား သုံးပွင့်ဆိုင် တွေ့ဆုံညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း၊ တည်ဆဲအလုပ်သမားဥပဒေများကို အလုပ်ရှင် ၊ HR မန်နေဂျာများ၊ အလုပ်သမားများကောင်းစွာ သိရှိလိုက်နာနိုင်ရန် မိတ်ဖက်ဌာနများနှင့် ပူးပေါင်းပြီး စက်မှုဇုန်များ၊ စက်ရုံ၊ အလုပ်ရုံများတွင်အသိပညာပေးဆွေးနွေးပွဲများ ၊ အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ပေးလျက်ရှိပါကြောင်း။
တည်ဆဲအလုပ်သမား ဥပဒေပါ ပြဌာန်းချက်များနှင့်အညီ အလုပ်ရှာဖွေသူများ အလုပ်အကိုင်ရရှိရေး ၊ အလုပ်သမားများ ဘေးကင်းလုံခြုံစွာ ရွေ့ပြောင်းသွားလာ လုပ်ကိုင်နိုင်ရေး၊ ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေး အနိမ့်ဆုံးလုပ်ခလစာ အပါအဝင် လုပ်ခလစာများ ပုံမှန်ရရှိရေး၊ ခွင့်ရက် ၊ အလုပ်ပိတ်ရက်များ ခံစားရရှိရေး၊ လုပ်ငန်းခွင်ဘေး အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး ၊ လူမှုဖူလုံရေး အကျိုးခံစားခွင့်များကို အာမခံအလုပ်သမားများရရှိခံစားနိုင်ရေး၊ အလုပ်သမားရေးရာ အငြင်းပွားမှုများကို ပြေလည်မှု ရရှိစေရေး အလေးထားဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ အလုပ်သမားရေးရာ နှင့်စပ်လျဉ်း၍ ဒေသတွင်းသာမက နိုင်ငံတကာ အဖွဲ့အစည်းများနှင့်ပါ စဉ်ဆက် မပြတ် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း။
မြန်မာနိုင်ငံအနေဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေကိုပြဌာန်းခဲ့ပြီးဖြစ်၍ ပြည်ပမှလာ ရောက်ရင်းနှီးမြှုပ်နှံသည့် အခြေအနေပေါ်မူတည်ပြီး ပေါ်ပေါက်လာမည့် အလုပ်အကိုင်အခွင့် အလမ်းများကို အခွင့် အရေးအဖြစ် ရယူနိုင်ရန် မြန်မာအလုပ်သမားထုအနေဖြင့် နည်းပညာများ ကျွမ်းကျင်မှုရှိရန်လိုပါကြောင်း၊ နည်းပညာ အသစ်များပေါ်ထွန်းနေခြင်းကြောင့် ယှဉ်ပြိုင်မှုကြီးမားသည့် ကမ္ဘာတစ်ဝန်းတွင် ရင်ဘောင်တန်း နိုင်ရန် အလုပ်သမားများ အနေဖြင့် စိတ်ရောကိုယ်ပါ ကျိုးပမ်းဆောင်ရွက်ပြီး စက်ရုံ၊ အလုပ်ရုံ၊ စက်မှုဇုန်မှသည် ဒေသအဆင့်၊ နိုင်ငံတကာအဆင့် အထိကောင်းမွန်သည့် ပြယုဂ်ဖန်တီးပေးရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (CTUM) ဥက္ကဋ္ဌ ဦးမောင်မောင်၊ ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာနှင့် အလုပ်သမားရေးရာဝန်ကြီး ဦးဇော်အေးမောင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလုပ်သမားရေးရာကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးကျော်ထွေး၊ အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO) ရန်ကုန်ရုံးမှ ဆက်ဆံရေးအရာရှိ မစ္စတာရိုရီမန်ဂိုဗန် ၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI) အထွေထွေ အတွင်းရေးမှူးချုပ် ဦးအောင်ကြည်စိုး၊ အပြည်ပြည် ဆိုင်ရာအလုပ်သမားသွေးစည်းညီညွှတ်ရေး အတွက်ကူညီပံ့ပိုးပေးသည့် အဖွဲ့အစည်းများမှတာဝန်ရှိသူများက အမှာစကားများ ပြောကြားကြသည်။
အဆိုပါ အခမ်းအနားကို မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (CTUM) ကကြီးမှုး၍ ခုနစ်ကြိမ် မြောက် ကျင်းပခြင်းဖြစ်ပြီး အလုပ်သမားများအနေဖြင့် မေဒေးနေ့ ပေါ်ပေါက်လာပုံ သမိုင်းကြောင်းကို သိရှိပြီး အစဉ်သတိရနေစေရန် ရည်ရွယ်၍ကျင်းပခြင်းဖြစ်သည်။
ယနေ့အခမ်းအနားတွင် အနုပညာရှင်များ၊ အလုပ်သမားသမဂ္ဂ အဖွဲ့ဝင်များ၏ သီဆိုဖျော်ဖြေမှုများ၊ ပျော်ပွဲရွှင်ပွဲများ၊ အားကစားပြိုင်ပွဲများကိုလည်းကျင်းပခဲ့သည့် အပြင် ပညာပေးအစီအစဉ်များနှင့် အတူ CTUM ၏ လုပ်ငန်းကဏ္ဍအလိုက် အဖွဲ့ချုပ်များ၏ လှုပ်ရှားဆောင်ရွက်မှု ဓာတ်ပုံမှတ်တမ်းများ၊ စာမှတ်တမ်းများကို ပြခန်းငယ်များဖွင့်လှစ်ကာ ပြသခဲ့သည်။
သတင်း-ဇော်ကြီး၊ ဓာတ်ပုံ-ဖေဇော်