နေပြည်တော်  ၁၃ ဩဂုတ် 

၂၀၁၉ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ ကျင်းပရေးဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၁၉) ကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်ထောင်စုလွှတ်တော်ဆောင်၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

145

 

အစည်းအဝေးသို့ ၂၀၁၉ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ဦးထွန်းအောင် (ခ) ဦးထွန်းထွန်းဟိန်၊ ကျင်းပရေး ဦးစီးကော်မတီဒုတိယဥက္ကဋ္ဌ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ ကျင်းပရေး ဦးစီးကော်မတီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက က လုပ်ငန်းကော်မတီများအား ကျင်းပရေးဦးစီးကော်မတီမှ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ၂၀၁၉ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားစည်ကား သိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းကော်မတီအသီးသီး၏ ဆောင်ရွက်ပြီးစီးမှုများ တင်ပြဆွေးနွေးကြရန်နှင့် လုပ်ငန်းအခက်အခဲများရှိက ဝိုင်းဝန်းညှိနှိုင်း ဆွေးနွေးကြရန်ဖြစ်ကြောင်း ပြောကြားသည်။ ဆက်လက်၍ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌက လုပ်ငန်းကော်မတီများ၏ လုပ်ဆောင်ပြီးစီးသည့် အခြေအနေနှင့် အစီအစဉ်များကို ယနေ့အစည်းအဝေးတွင် တင်ပြစေလိုပါကြောင်း၊ လုပ်ငန်းလိုအပ်ချက်များအတွက် လုပ်ငန်းကော်မတီများ ပေါင်းစပ်ညှိနှိုင်းဆွေးနွေးကြစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ လုပ်ငန်းကော်မတီများအလိုက် ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများက လုပ်ငန်းဆောင်ရွက်ရန် စီစဉ်ထားရှိမှုများ၊ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများကို ရှင်းလင်းတင်ပြကြရာ တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေး အတည်ပြုသည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက က နိဂုံးချုပ်ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

သတင်းစဉ်