နေပြည်တော် ၁၁ စက်တင်ဘာ 


    
၂၀၁၉ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ကျင်းပရေး ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၅/၂၀၁၉) ကို ယနေ့မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်ထောင်စုလွှတ်တော်ဆောင်၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။


    
အစည်းအဝေးသို့ ၂၀၁၉ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ ဦးထွန်းအောင်(ခ) ဦးထွန်းထွန်းဟိန်၊ ကျင်းပရေးဦးစီးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်နှင့် ဦးစီးကော်မတီဝင်များ တက်ရောက်ကြသည်။


    
အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် ဒုတိယနာယကက ယနေ့အစည်းအဝေးသည် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့အခမ်းအနားမတိုင်မီ ကျင်းပသည့် နောက်ဆုံးအစည်းအဝေးဖြစ်ပါကြောင်း၊ လုပ်ငန်းကော်မတီများမှ ဆောင်ရွက်ထားရှိမှုများကို ယနေ့ သဘင်ဆောင်သို့ သွားရောက်ကြည့်ရှုရာတွင် လုပ်ငန်းအားလုံးနီးပါး ပြီးစီးသလောက် တွေ့ရှိရပါကြောင်း၊ နောက်ဆုံးအစည်းအဝေးဖြစ်၍ ဆုံးဖြတ်ရန်ကိစ္စများ ကျန်ရှိသေးပါက တင်ပြဆုံးဖြတ်ကြရန် ဖြစ်ကြောင်း ပြောကြားသည်။


    
ဆက်လက်၍ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌက ယနေ့အစည်းအဝေးသည် နောက်ဆုံးအစည်းအဝေးဖြစ်၍ လုပ်ငန်းကော်မတီ ၅ ခုမှ ဆွေးနွေးဆောင်ရွက်ရန်များ ကျန်ရှိပါက တင်ပြရန်ဖြစ်ကြောင်း ပြောကြားသည်။


    
ယင်းနောက် လုပ်ငန်းကော်မတီများအလိုက် ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများက လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများ၊ လုပ်ငန်းလိုအပ်ချက်များကို ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာသူများက ဆွေးနွေးညှိနှိုင်းဆုံးဖြတ်ကြသည်။


    
ထို့နောက် ပြည်ထောင်စုလွှတ်တော် ဒုတိယနာယကက နိဂုံးချုပ်ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။ 

 

သတင်းစဉ်