နေပြည်တော် ၃၀ နိုဝင်ဘာ

မြန်မာနိုင်ငံ မျက်မမြင်များအသင်းနှင့် မိတ်ဖက်မသန်စွမ်းအဖွဲ့တို့ ပူးပေါင်းကျင်းပသည့် ၂၀၁၉ ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် အသိပညာပေး လှုပ်ရှားမှုအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်ရှိ တော်ဝင်နှင်းဆီကစားကွင်း၌ ကျင်းပသည်။

အခမ်းအနားကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြန်လည်ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်း၊ မြန်မာနိုင်ငံ မျက်မမြင်များအသင်း နာယက ဦးသိန်းလွင်၊ ဥက္ကဋ္ဌ ဦးစောသောင်းကြည်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ထို့နောက် ပြန်လည်ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်း၊ မြန်မာနိုင်ငံ မျက်မမြင်များအသင်း ဥက္ကဋ္ဌ ဦးစောသောင်းကြည်နှင့် မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းချုပ် ဥက္ကဋ္ဌ ဦးအောင်ကိုမြင့်တို့က အမှာစကားပြောကြားကြပြီး မြန်မာနိုင်ငံ မျက်မမြင်များအသင်း အထွေထွေအတွင်းရေးမှူး ဒေါ်ယမင်းဥမ္မာက အခမ်းအနားကျင်းပရခြင်းကို ရှင်းလင်းပြောကြား၍ တာဝန်ရှိသူများက ပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ်ပြိုင်ပွဲများတွင် ဆုရရှိသူများနှင့် ကူညီပံ့ပိုးပေးသူများကို ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ကြသည်။

မြန်မာနိုင်ငံ မျက်မမြင်များအသင်း ဥက္ကဋ္ဌ ဦးစောသောင်းကြည်က “ဒီလိုအစီအစဉ် တွေလုပ်ခြင်းဟာ မသန်စွမ်းသူတွေအပေါ်မှာ သနားလို့ဆိုတဲ့ အခြေအနေကနေပြီး အခွင့်အရေးတစ်ခု၊ အခွင့်အလမ်း တစ်ခုအနေနဲ့ ရည်ရွယ်ပြီး အခုလိုအစီအစဉ်မျိုး လုပ်တာဖြစ်ပါတယ်။ မသန်သော်လည်း စွမ်းတယ်ဆိုတာကို ပိုမိုသိစေချင်ပါတယ်။ မသန်စွမ်းကလေးတွေကို မှန်ကန်စွာ ပြုစုပျိုးထောင်ရင် မိသားစုအတွက်၊ တိုင်းပြည်အတွက်၊ ဘယ်သူ့အတွက်မှ ဝန်ထုပ်ဝန်ပိုး မဖြစ်ဘူးဆိုတာကို သိစေချင်တာပါ။ မသန်စွမ်းသူတွေဟာ မှန်ကန်တဲ့ ပျိုးထောင်မှုကိုသာရရှိပါစေ။ သူတို့ဘဝကို ကောင်းကောင်းရပ်တည်နိုင်ပြီး ကျန်တဲ့သူတွေအတွက် အကျိုးပြုနိုင်တဲ့သူတွေ ဖြစ်တယ်ဆိုတာကို သတင်းစကားပြောချင်ပါတယ်”ဟု ပြောသည်။

၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၃ ရက်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ ဆောင်ပုဒ်မှာ “အတားအဆီးကင်းရေး မျှော်မှန်းလို့၊ မသန်စွမ်း လူ့အခွင့်အရေး ဖော်ဆောင်စို့” ဖြစ်သည်။

ရီရီမြင့်၊ လှမိုး