ရန်ကုန် ၂၈ ဒီဇင်ဘာ
၂၀၁၉ ခုနှစ်၊ ဆောင်းရာသီ ကျွမ်းဘားပြိုင်ပွဲ၊ ဖွင့်ပွဲနှင့် ဆုပေးပွဲများကို ယနေ့နံနက် ၉ နာရီက ရန်ကုန်မြို့ ကျိုက္ကဆံကွင်းရှိ မြန်မာနိုင်ငံ ကျွမ်းဘားအဖွဲ့ချုပ်၌ ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းပေါင်းစုံမှ ငယ်ရွယ်သူ ကျောင်းသား/ကျောင်းသူ (၉၀)ဦးခန့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
ယခုပြိုင်ပွဲတွင် Genius Private School, Brown Academy TTC ကမာရွတ်၊ အ.ထ.က(၁) ဒဂုံ၊ အ.လ.က(၁) ဒဂုံ၊ အ.မ.က(၁) ဗဟန်း၊ အ.ထ.က(၂) ကမာရွတ်၊ အ.မ.က(၅) ရန်ကင်း၊ အ.ထ.က(၄) အလုံ၊ TTC ရန်ကင်း၊ အ.ထ.က(၃) မင်္ဂလာတောင်ညွန့်၊ အ.လ.က(၆) ရန်ကင်း၊ အ.ထ.က(၁) ရန်ကင်း၊ အ.ထ.က(၃) တာမွေ၊ အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်)၊ New Land ၊ အ.မ.က(၂၆) မြောက်ဒဂုံ၊ အ.မ.က(၄) မြောက်ဥက္ကလာကျောင်းများမှ ကျောင်းသား/ကျောင်းသူ (၉၀)ဦးတို့က ပြိုင်ပွဲအမျိုးအစား အတန်း(၁၀)တန်းဖြစ်သော မျိုးဆက်သစ်သက်ငယ်တန်း (က) (ခ)၊ အမျိုးသား/ အမျိုးသမီး မြေပြင်ပြိုင်ပွဲနှင့် မြင်းခုန်ဘားပြိုင်ပွဲ၊ အား/ကာသိပ္ပံ အမျိုးသမီးမြင်းခုန်ဘားပြိုင်ပွဲ၊ မျိုးဆက်သစ်သက်ငယ်တန်း (က) အဆင့်၊ (ခ)အဆင့်၊ (ဂ)အဆင့် အမျိုးသားမြေပြင်ပြိုင်ပွဲနှင့် မျိုးဆက်သစ် ရင်ခွင်ပိုက်တန်းပြိုင်ပွဲ၊ နွေရာသီရင်ခွင်ပိုက်တန်း အမျိုးသမီးချိန်ဆဘားပြိုင်ပွဲ၊ အား/ကာသိပွံ အမျိုးသားနှစ်တန်းဘားပြိုင်ပွဲ၊ မျိုးဆက်သစ် အမျိုးသမီးချိန်ဆ ဘားပြိုင်ပွဲနှင့် အား/ကာသိပ္ပံ ကျောင်းသူများ၏ အမျိုးသမီးချိန်ဆ ဘားပြိုင်ပွဲများ၊ အား/ကာသိပ္ပံ အမျိုးသား သံကွင်းဘားပြိုင်ပွဲ၊ အား/ကာသိပ္ပံ အမျိုးသားမြေပြင်ပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ပြီး ပွဲစဉ်ပေါင်း (၃၇)မျိုး၌ ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆု ရရှိသူများအား မြန်မာနိုင်ငံကျွမ်းဘား အဖွဲ့ချုပ်နာယက ဦးဝေလင်းအောင်၊ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကောင်းဇော်၊ အားကစားနှင့် ကာယပညာသိပ္ပံ ဒုတိယကျောင်းအုပ်ကြီး ဦးဗလကျော်သူနှင့် အဖွဲ့ချုပ် အလုပ်အမှုဆောင်များက ဆုများအသီးသီးပေးအပ်ခဲ့ကြောင်း အားကစားနှင့် ကာယပညာဦးစီးဌာန(ရန်ကုန်)မှ သိရှိရသည်။
MDN