လွိုင်ကော် ၃ ဒီဇင်ဘာ
နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ မူဝါဒများ၊ စီမံကိန်းများ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက် ရာတွင် စာရင်းအချက်အလက်များ တိကျမှန်ကန်စွာ ရရှိပြီး အောင်မြင်စွာ အကောင်အထည် ဖော်ဆောင်ရွက် နိုင်ရန်အတွက် ၂၀၁၉ ခုနှစ်၊ ကြားဖြတ် လူဦးရေ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်း ပြည်နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက် ဆင့်ပွားသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီက ကွန်ပျူတာ တက္ကသိုလ် (လွိုင်ကော်) အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက အဖွင့်အမှာစကား ပြောကြားရာတွင် အဓိကရည်ရွယ်ချက် အနေနှင့် နိုင်ငံ၏ ပြုပြင်ပြောင်းလဲမှု တည်ဆောက်ရာတွင် လည်းကောင်း၊ ဖွံ့ဖြိုး မှုအရွေ့ကို သွားရာတွင်လည်းကောင်း၊ ပြောင်းလဲမှုကို ဆောင်ရွက် နိုင်ရန် ပြုလုပ်ခြင်းဖြစ်ပါကြောင်း၊ အားနည်းချက်များကို ပြုပြင်နိုင်ရန်အတွက် အချက်အလက် အမှန် များရရှိပြီး ပုံဖော်ဆောင်ရွက်နိုင်ရန်အတွက် စာရင်းများ ကောက်ယူခြင်းဖြစ်ပါကြောင်း၊ ပထမ အချက်အနေနှင့် ၂၀၁၄ ခုနှစ်၊ ၂၀၂၄ ခုနှစ် ကြားကာလရှိ မြန်မာနိုင်ငံ၏ လူဦးရေနှင့် စီးပွားရေးဆိုင်ရာ စာရင်းအင်းအချက်အလက်များကို အချိန်နှင့် တစ်ပြေးညီ အနီးစပ် ဆုံး မှန်ကန်စွာ ခန့်မှန်းနိုင်ရန်၊ ဒုတိယအချက်အနေနှင့် ၂၀၁၄ ခုနှစ်၊ သန်းခေါင်စာရင်း အချက်အလက် ၏ ပြောင်းလဲမှုများအား နှိုင်းယှဉ်လေ့လာ သုတေသနပြုလုပ်နိုင်ရန်နှင့် တတိယအချက်အနေနှင့် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းကို အကောင်အထည် ဖော်ရာတွင် လိုအပ်သော အညွှန်းကိန်းများ ရရှိနိုင်ရန် စသည့် ရည်ရွယ်ချက် (၃)ရပ်ဖြင့် ကြားဖြတ်လူဦးရေသန်းခေါင်စာရင်း ကောက်ယူခြင်း လုပ်ငန်း ဆောင်ရွက်ရခြင်း ဖြစ်ပါကြောင်း၊ မိမိအနေနှင့် ယနေ့အခမ်းအနားတွင် စာရင်းကောက်ယူဆောင်ရွက်မည့် သူများကို အားပေး ဂုဏ်ပြုလို၍ တက်ရောက်လာခြင်းဖြစ်ပြီး အားနည်းချက်များ၊ ဖြည့်ဆည်းပေးရန် အချက်များရှိပါက တင်ပြ ပေးရန်ဖြစ်ပါ ကြောင်းပြောကြားခဲ့ပြီး ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာဦးစီးမှူးရုံး၊ ဒုတိယ ညွှန်ကြားရေးမှူးက ၂၀၁၉ ခုနှစ်၊ ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်း ကောက်ယူခြင်း လုပ်ငန်း ပြည်နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက် လုပ်ငန်းဆောင်ရွက်မည့် အခြေအနေ များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် ပြည်နယ်စီမံကိန်းရေးဆွဲရေး ဦးစီးမှူးမှ ကြားဖြတ်လူဦးရေသန်းခေါင်စာရင်း ကောက်ယူခြင်း လုပ်ငန်းစဉ်များနှင့် စပ်လျည်း၍ ၂၀၁၄ ခုနှစ်တွင် ကောက်ယူရရှိခဲ့သည့် အချက်အလက်များ၊ ယခုကောက်ယူရရှိမည့် အချက်အလက်များနှင့် ပြုပြင်ပြောင်းလဲနိုင်မှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်မှ စာရင်းစစ်၊ စာရင်းကောက် ယူမည့် သင်တန်းသား/သူ (၆၆) ဦးအတွက် စုစုပေါင်းငွေကျပ် (၄၁၆၀ဝ၀ဝ) အားထောက်ပံ့ ပေးအပ်ခဲ့ပြီး အမှတ်တရမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြသည်။
အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ကယားပြည်နယ်အစိုးရ အဖွဲ့ ဝန်ကြီးချုပ်၊ လမ်းပန်း ဆက်သွယ်ရေးနှင့် လျှပ်စစ် ဝန်ကြီး၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး၊ ဗမာတိုင်းရင်း သား လူမျိုးရေးရာ ဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် သင်တန်းသား/သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
လွိုင်ကော်သား