မန္တလေး ၂ ဇန်နဝါရီ
၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေသန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်း(ခရိုင်အဆင့်) စာရင်းစစ်၊ စာရင်းကောက်သင်တန်းဖွင့်ပွဲကို မန္တလေးမြို့၊ ၂၉လမ်းနှင့်၃၀လမ်းကြား၊ ၆၈လမ်းနှင့်၆၉လမ်းကြား၊ ရုံးပေါင်းစုံဝင်း အတွင်းရှိ မန္တလေးတိုင်းဒေသကြီး၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှူးရုံး၊ မနောကြာဖြူခန်းမတွင် ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးအောင်ကြည်က အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှူး၊ ညွှန်ကြားရေးမှူး ဦးကျော်ယဉ်ဦးက ၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေသန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းဆိုင်ရာများအား ရှင်းလင်းပြောကြားသည်။ ထို့နောက် သင်တန်းနည်းပြများက သင်တန်းသားများအား သင်ခန်းစာများ ပို့ချသည်။
အဆိုပါ သင်တန်းကို သင်တန်းသား သင်တန်းသူ(၆၃)ဦးဖြင့် ဇန်နဝါရီ ၂ ရက် မှ ၁၂ ရက်အထိ စာတွေ့ လက်တွေ့ သင်ကြားသွားမည်ဖြစ်သည်။ သင်တန်းတွင် ကြားဖြတ်လူဦးရေသန်းခေါင်စာရင်းအား ၂၀၁၄ ခုနှစ် နှင့်၂၀၂၄ ခုနှစ်ကြားကာလရှိ မြန်မာနိုင်ငံ၏ လူဦးရေနှင့်လူမှုစီးပွားရေးဆိုင်ရာ စာရင်းအင်းအချက်အလက်များအား အချိန်နှင့်တစ်ပြေးညီ အနီးစပ်ဆုံးမှန်ကန်စွာ ခန့်မှန်းနိုင်ရန်၊ ၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းများ၏ ပြောင်းလဲမှုများအား နှိုင်းယှဉ်လေ့လာ သုတေသနပြုနိုင်ရန်၊ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း( Myanmar Sustainable Development Plan- MSDP) အား အကောင်အထည်ဖော်ရာတွင် လိုအပ်သောညွန်းကိန်းများ ရရှိနိုင်ရန် ရည်ရွယ်၍ ကောက်ယူခြင်းဖြစ်ကြောင်း၊ ထို့သို့စာရင်းကောက်ယူရာတွင် Mobile Tablet ဖြင့် ကွန်ပျူတာအထောက်အကူပြု လူတစ်ဦးချင်း မေးမြန်းစာရင်းကောက်ယူသည့် စနစ်(Computer Assisted Personal Interviewing – CAPI) အသုံးပြုပြီး မန္တလေးတိုင်းဒေသကြီးအတွင်း ခရိုင်(၇)ခုရှိ ကောက်ကွက်တစ်ကွက်လျှင်အိမ်ထောင်စု(၃၅) စု ပါဝင်သည့် ကောက်ကွက်ပေါင်း(၄၉၀) အား ၁၅.၁.၂၀၂၀ မှ ၂၈.၁.၂၀၂၀ ရက် အထိ ဆောင်ရွက်သွားမည်ဖြစ်ကာ စာရင်းစစ်/စာရင်းကောက်များမှ အိမ်ထောင်စုတစ်စုလျှင် မေးခွန်း(၁၁၀) အား မေးမြန်းဖြည့်သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှူးနှင့် တိုင်းဒေသကြီး/ခရိုင်/မြို့နယ်များမှ ဦးစီးမှူးများ၊ သင်တန်းနည်းပြများ၊ သင်တန်းသား/သူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။
သန်းဇော်မင်း(ပြန်/ဆက်)၊ ဓါတ်ပုံ၊မြင့်မော်ထွန်း(ပြန်/ဆက်)