နေပြည်တော် ၁၃ နိုဝင်ဘာ
၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေသန်းခေါင်စာရင်းကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နမူနာစာရင်း ကောက်ကွက်ပေါင်း ၄၀ဝ၀ ကျော်အား နိုဝင်ဘာလမှစတင်၍ (၄)သုတ်ခွဲကာ ကောက်ယူမည် ဖြစ်ကြောင်း ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်သူ့အင်အား ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည့် ကြားဖြတ်လူဦးရေသန်းခေါင်စာရင်းအတွက် နည်းပြသင်တန်းဖွင့်ပွဲမှ သိရသည်။
ကြားဖြတ် သန်းခေါင်စာရင်းကို ယခင်ကောက်ယူခဲ့သည့် မေးခွန်းစာရွက် အသုံးပြု သည့်နည်းဖြင့် ကောက်ယူမည် မဟုတ်ဘဲ Mobile Tablet ကို အသုံးပြုကာ ကွန်ပျူတာ အထောက်အကူပြု လူတစ်ဦးချင်း မေးမြန်းကောက်ယူသည့်စနစ် (Computer - assisted Personal Interviewing - CAPI ) စနစ်ဖြင့် ကောက်ယူသွားမည်ဖြစ်ကြောင်း ပြည်သူ့အင်အားဦးစီးဌာန ခေတ္တ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းဇော်အောင်ထံမှ သိရသည်။
အဆိုပါ နည်းပြသင်တန်းများကို (၄)သုတ်ခွဲကာ ကျင်းပမည်ဖြစ်ပြီး နည်းပြသင်တန်း ဆင်းများက သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များတွင် ဆင့်ပွားသင်တန်းများ ပြန်လည် ဖွင့်လှစ်ပို့ချ သွားမည်ဖြစ်သည်။ နည်းပြသင်တန်းအမှတ်စဉ်(၁)မှ သင်တန်းဆင်းများသည် ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် နေပြည်တော်ကောင်စီနယ်မြေတို့တွင် ဆင့်ပွားသင်တန်း များကို ဖွင့်လှစ် လျက်ရှိပြီး ယင်းဒေသများ၌ ကြားဖြတ်လူဦးရေသန်းခေါင်စာရင်းကို နိုဝင်ဘာ ၁၈ ရက်မှ ဒီဇင်ဘာ ၁ ရက်အထိ ကောက်ယူမည်ဖြစ်ကြောင်း သိရသည်။
ယခုနည်းပြ သင်တန်းအမှတ်စဉ်(၂)တွင် ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ မွန်ပြည် နယ်၊ တနင်္သာရီ တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ နည်းပြအဖြစ် ဆောင်ရွက် မည့် သက်ဆိုင်ရာ ခရိုင်ဦးစီးမှူးရုံးများမှ အရာထမ်း ၁၉ ဦးနှင့် ဒေသခံလူငယ် ၅၄ ဦး၊ ပြည်သူ့အင်အား ဦးစီးဌာန(ရုံးချုပ်)မှ ၂၃ ဦး စုစုပေါင်း သင်တန်းသား ၉၆ ဦးက ရက်သတ္တပတ် (၂) ပတ်ကြာ တက်ရောက်ကြမည်ဖြစ်ကြောင်းသိရသည်။
သန့်ဇော်


