မကွေး   ၁၆   သြဂုတ် 


ပြည်လုံးကျွတ် သန်းခေါင်းစာရင်း ကောက်ယူခဲ့သော ၂၀၁၄ ခုနှစ်နှင့် ဆယ်နှစ်အကြာ၌ ထပ်မံကောက်ယူမည့် ၂၀၂၄ ခုနှစ်မတိုင်မီ ကြားကာလအတွင်း လူဦးရေနှင့် လူမှုစီးပွားအခြေအနေ ပြောင်းလဲမှုများအား သိရှိနိုင်ရန် ကြားဖြတ် သန်းခေါင်စာရင်းကို ၂၀၁၉ ခုနှစ် နိုဝင်ဘာလတွင် ကောက်ယူသွားမည်ဖြစ်ပြီး အောင်မြင်စွာ ကောက်ယူနိုင်ရေးအတွက် ကောက်ကွက် မြေပုံများ Update  ပြုလုပ်နေကြောင်း ပြည်သူ့အင်အားဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။


“မြေပုံ Update လုပ်ငန်းက ပြည်နယ်နဲ့တိုင်း ၈ ခုမှာ ဆောင်ရွက်ပြီးပါပြီ။ ရှမ်းပြည်နယ်မှာ လက်ရှိဆောင်ရွက်နေတယ်။ ပဲခူး၊ စစ်ကိုင်းနဲ့မကွေးမှာ သင်တန်းပို့ချတယ်။ လဝကဝန်ထမ်းတွေက မြေပုံ Update ကို ဆောင်ရွက်ကြပါမယ်။ အိမ် တစ်အိမ်မှာ လူဘယ်နှစ်ယောက်နေလဲ။ ဒီအိမ်ကရှိသေးလား။ ဒီကောက်ကွက်က ရှိသေးလား။ ပြိုပျက်သွားပြီလား မြေပြင် လက်ရှိအခြေအနေကို Update  လုပ်ကြပါမယ်” ဟု ပြည်သူ့အင်အားဦးစီးဌာန(ရုံးချုပ်) လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သီတာ က ရှင်းပြသည်။ 


မြေပုံ Update လုပ်ငန်း စနစ်တကျ လုပ်ဆောင်နိုင်ရန် သင်တန်းတစ်ခုကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ၊ မကွေးတိုင်းဒေသကြီး ဦးစီးမှူးရုံးတွင် သြဂုတ်လ ၁၃ ရက်နေ့တွင် ပြုလုပ်ခဲ့ပြီး သင်တန်းသား(လဝကဝန်ထမ်း) ၆၈ ဦးနှင့် သင်တန်းဆရာ(၄)ဦးတို့က မကွေးမြို့ပေါ်ရပ်ကွက်(၃)ခု၊ ကျေးရွာအုပ်စု(၆)အုပ်စုတို့ရှိ နမူနာကောက်ကွက် (၂၁) ကွက်တွင် လက်တွေ့ကောက်ယူခြင်းကို သြဂုတ်လ ၁၄ ရက်နေ့နှင့် ၁၅ ရက်နေ့များတွင် ဆက်လက်လုပ်ဆောင်ခဲ့ကြကြောင်း မကွေးမြို့နယ်ဦးစီးမှူး ဦးကျော်ကျော်လွင် ထံမှ သိရသည်။


“စာရင်းကောက်ဖို့ မကွေးမြို့နယ်ရုံးက ဝန်ထမ်းအင်အားကိုလည်း ထပ်ဖြည့်ထားပါတယ်။ မကွေးမှာ နမူနာ ကောက်ကွက်တွေ စာရင်းကောက်ပြီးရင် တိုင်းအတွင်း မြို့နယ်အသီးသီးက သင်တန်းလာတက်တဲ့ ဝန်ထမ်းတွေအနေနဲ့ သက်ဆိုင်ရာ ဒေသတွေမှာ မြေပုံ Update လုပ်တာ၊ အဆောက်အအုံ နဲ့ အိမ်ထောင်စု လူဦးရေ စာရင်းတင်တာတွေ ဆက်လုပ်သွားမှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။


သန်းခေါင်စာရင်းလုပ်ငန်း၌ ကြိုတင်ပြင်ဆင်ခြင်း၊ စာရင်းကောက်ယူခြင်း၊ စာရင်းပြုစုခြင်း၊ အစီရင်ခံစာ ထုတ်ပြန်ခြင်းဆိုသည့် လုပ်ငန်းစဉ်(၄)ရပ်ရှိပြီး ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းစဉ်(၈)ရပ်ထဲ၌ မြေပုံ Update လုပ်ငန်း ပါဝင်လျက်ရှိသည်။


မြန်မာနိုင်ငံတွင် ၂၀၁၄ခုနှစ် သန်းခေါင်းစာရင်း ကောက်ယူစဉ်က ကောက်ကွက်ပေါင်း ရှစ်သောင်းကျော် စာရင်း ကောက်ယူခဲ့ပြီး ကြားဖြတ်၌ ကောက်ကွက်နမူနာလေးထောင်ကျော်ကို ရွေးချယ်သတ်မှတ်၍ ကောက်ယူမည်ဖြစ်ကြောင်း၊ ယင်းတို့ထဲ၌ မကွေးတိုင်းမှ ကောက်ကွက် ၃၄၃ ကွက်သတ်မှတ်၍ စာရင်းကောက်ယူ သွားမည်ဖြစ်ကြောင်း ပြည်သူ့အင်အား ဦးစီးဌာန(ရုံးချုပ်) လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သီတာ ထံမှ သိရသည်။


ဇေယျတု(မကွေး)

 

1