နေပြည်တော် ၂၅ ဇွန်

၂၀၁၉ ခုနှစ်၊ ကြားဖြတ်သန်းခေါင်စာရင်း ကောက်ယူရာတွင် အသုံးပြုမည့် မေးခွန်းပုံစံနှင့် ပတ်သက်၍ အချက်အလက်အသုံးပြုသူများ၏ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပသည်။

 

11

 

အလုပ်ရုံဆွေးနွေးပွဲတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ၂၀၁၄ ခုနှစ်၊ သန်းခေါင်စာရင်းမှရရှိခဲ့သည့် ကိန်းဂဏန်း၊ အချက်အလက်များအပေါ် အခြေခံကာ နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများနှင့်ပတ်သက်၍ မူဝါဒများချမှတ်နိုင်ရေးနှင့် လိုအပ်သည့် စီမံကိန်းများရေးဆွဲ ဆောင်ရွက်နိုင်ရေး၊ ရွေးကောက်ပွဲဆိုင်ရာ မဲစာရင်းများ တိကျမှန်ကန်စေရေးတို့အတွက် ပံ့ပိုးပေးလျက်ရှိပါကြောင်း၊ သို့သော် စာရင်းအင်းဆိုင်ရာ ကိန်းဂဏန်း အချက်အလက်များသည် ပြောင်းလဲလာသည့် လက်ရှိအခြေအနေများကို ကိုယ်စားပြုနိုင်ရန် အဓိကကျပါကြောင်း။

(၁၀)နှစ်တစ်ကြိမ် ကောက်ယူသည့် သန်းခေါင်စာရင်း၏ အချက်အလက်များကို လက်ရှိအခြေအနေနှင့် ကွာဟမှုမရှိစေရန်နှင့် ပြောင်းလဲမှုကို သိရှိနိုင်စေရန်အတွက် ကမ္ဘာ့နိုင်ငံများ၌ ဆောင်ရွက်လျက်ရှိသည့် အတွေ့အကြုံများကို လေ့လာသုံးသပ်ကာ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူပြီး (၅)နှစ်အကြာဖြစ်သည့် ယခု ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလတွင် ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်းကောက်ယူနိုင်ရန် စီစဉ်ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း၊ ကြားဖြတ်သန်းခေါင် စာရင်းကောက်ယူနိုင်ရေးအတွက် ဗဟိုကော်မတီနှင့် နေပြည်တော်/ တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ကြားဖြတ်သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်း ကော်မတီများကိုလည်း အဆင့်ဆင့် ဖွဲ့စည်းခဲ့ပြီးဖြစ်ပါကြောင်း၊ ကြားဖြတ်လူဦးရေသန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းစီမံချက်အရ ကြိုတင်ပြင်ဆင်ခြင်း၊ စာရင်းကောက်ယူခြင်း၊ စာရင်းပြုစုခြင်းနှင့် အစီရင်ခံစာ ထုတ်ပြန်ခြင်း စသည့် လုပ်ငန်းများ လျာထားချမှတ် ဆောင်ရွက်လျက်ရှိပါကြောင်း။

ယခုလက်ရှိတွင် နမူနာကောက်ကွက်ရွေးချယ်ခြင်းနှင့် ကောက်ကွက်အရွယ်အစား သတ်မှတ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီးဖြစ်သည့်အတွက် မြေပုံရေးဆွဲခြင်းနှင့် update ပြုလုပ်ခြင်း၊ နမူနာကောက်ကွက်များအား Digitize မြေပုံများထုတ်လုပ်ခြင်း၊ မြေပြင်နှင့် တိုက်ဆိုင်စစ်ဆေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြေပုံထုတ်လုပ်ရေးလုပ်ငန်းနှင့် ပတ်သက်၍ စာရင်းကောက်ကွက် (၄၀ဝ၀) ကျော်အတွက် မြေပုံများ update ပြုလုပ်ခြင်းနှင့် Digitize ပြုလုပ်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိရာ နေပြည်တော်ကောင်စီနယ်မြေ၊ ဧရာဝတီနှင့် တနင်္သာရီတိုင်းဒေသကြီး၊ ချင်းနှင့် ကရင်ပြည်နယ် တို့တွင် ဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ လက်ရှိတွင် ကယား၊ မွန်နှင့် ကချင်ပြည်နယ် တို့တွင် ကွင်းဆင်းဆောင်ရွက်နေဆဲ ဖြစ်ပါကြောင်း။

ယခုဆောင်ရွက်မည့် ကြားဖြတ်သန်းခေါင်စာရင်း ကောက်ယူရာတွင် အသုံးပြုမည့် မေးခွန်းလွှာ(မူကြမ်း)ကို ၂၀၁၄ ခုနှစ်၊ သန်းခေါင်စာရင်း မေးခွန်းလွှာကို အခြေခံပြုစုကာ စာရင်းအချက်အလက် အသုံးပြုသည့်ဌာနများမှ သက်ဆိုင်ရာ ကဏ္ဍအလိုက် ထည့်သွင်းကောက်ယူလိုသည့် အကြောင်းအရာ အချက်အလက်များနှင့် သဘောထား မှတ်ချက်များကို တောင်းခံပြုစုထားခြင်းဖြစ်ပါကြောင်း၊ ကြားဖြတ်သန်းခေါင်စာရင်း မေးခွန်းလွှာ (မူကြမ်း)အပေါ် တက်ရောက်လာသူများ၏ ဆွေးနွေးချက်များအရ အဆင့်ဆင့်တင်ပြ အတည်ပြု ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

ကြားဖြတ်သန်းခေါင်စာရင်း ကောက်ယူရာတွင် ၂၀၁၄ ခုနှစ်၊ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူစဉ်ကကဲ့သို့ မေးခွန်းစာရွက်များနှင့် Manual ကောက်ယူခြင်းမျိုးမဟုတ်ဘဲ Mobile Tablets များအသုံးပြု၍ ကွန်ပျူတာအခြေပြု လူတစ်ဦးချင်း အင်တာဗျုးသည့်စနစ် (Computer Assisted Personal Interviewing-CAPI) နည်းပညာကို အသုံးပြုကောက်ယူသွားမည် ဖြစ်ပါကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် စာရင်းကောက်ကြာချိန်နှင့် ကာလကန့်သတ်ချက်တို့ကို ထည့်သွင်းစဉ်းစား၍ လိုအပ်သော အညွှန်းကိန်းများ ရရှိစေရေးနှင့် မေးခွန်းများ ဖောင်းပွမှုမဖြစ်စေရေး၊ အခြားဌာနများမှ ကောက်ယူထားသည့် စာရင်းများနှင့် မထပ်စေရေးတို့အတွက် ဂရုပြုကြစေလိုပါကြောင်း၊ ၂၀၁၉ ခုနှစ်၊ ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို နိုင်ငံတော်၏ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး နည်းပညာနှင့်ဆက်စပ်သည့် ပံ့ပိုးမှုများအတွက် ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။

ယခုအခါ UNFPA ၊ World Bank ၊ OneMap Myanmar ၊ ADB တို့မှ နည်းပညာအပါအဝင် လိုအပ်သည့်ပံ့ပိုးမှုများအတွက် ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်အတွက် မရှိမဖြစ်လိုအပ်သည့် လူဦးရေစာရင်းဇယားများ၊ လူဦးရေနှင့် ဆက်စပ်သည့် အညွှန်းကိန်းများရရှိရေးအတွက် ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်းကောက်ယူရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ခံယူကာ အားလုံးက အင်တိုက်အားတိုက် ပူးပေါင်းဆောင်ရွက်ကြမည် ဖြစ်ပါကြောင်း၊  ကြားဖြတ်သန်းခေါင်စာရင်း မေးခွန်းလွှာ ပြင်ဆင်အတည်ပြုနိုင်ရေးအတွက် တက်ရောက်လာသူများက ဝိုင်းဝန်းဆွေးနွေး အကြုံပြုပေးကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ထို့နောက် UNFPA ဌာနေကိုယ်စားလှယ် Mr. Ramanathan Balakrishnan နှင့် ADB ကိုယ်စားလှယ် Mr. Chris Spohr တို့က ကြားဖြတ်သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် ပံ့ပိုးကူညီဆောင်ရွက်ပေးမည့် အစီအစဉ်များကို ရှင်းလင်းပြောကြားကြသည်။ 

ယင်းနောက် ပြည်သူ့အင်အားဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးဝင်းဇော်အောင်နှင့် တာဝန်ရှိသူများက ကြားဖြတ်သန်းခေါင်စာရင်း ကောက်ယူရခြင်း၏ ရည်ရွယ်ချက်နှင့် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ၊ မေးခွန်းပုံစံများကို ရှင်းလင်းတင်ပြကြသည်။

သတင်းစဉ်