နေပြည်တော် ၁၁ စက်တင်ဘာ
၂၀၁၉ ခုနှစ် စက်တင်ဘာ ၁၆ ရက်တွင် ကျရောက်မည့် ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို “32 YEARS and HEALING” "၃၂ နှစ်ကြာအောင်မြင်မှု အိုဇုန်းလွှာကသက်သေပြု” ဟူသော ဆောင်ပုဒ်ဖြင့် ကျင်းပမည်ဖြစ်ပြီး ပြည်သူများအကြား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာများ တိုးတက်မြင့်မားလာစေရန်အတွက် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ ပိုစတာအား စက်တင်ဘာ ၁၂ ရက်မှ ၁၆ ရက်အထိ ပြသပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသည် မြန်မာနိုင်ငံ၌ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် ကုလသမဂ္ဂ ပတ်ဝန်းကျင်အစီအစဉ်တို့ပူးပေါင်း၍ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို နှစ်စဉ်ကျင်းပလျက်ရှိပြီး ကမ္ဘာပေါ်ရှိ သက်ရှိအားလုံးအတွက် အိုဇုန်းလွှာ၏ အရေးပါပုံကိုသိရှိကြစေရန်၊ အိုဇုန်းလွှာကာကွယ်ထိန်းသိမ်းရေးဆိုင်ရာ အသိအမြင် ဗဟုသုတများ ပြည်သူလူထုထံသို့ ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိစေရန်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် အိုဇုန်းလွှာကာကွယ်ထိန်းသိမ်းရေး လုပ်ငန်းများတွင် ပြည်သူတစ်ရပ်လုံး တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်လာကြစေရန် ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်ကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ သိရသည်။
မောင်လူမော်


