နေပြည်တော် ၅ အောက်တိုဘာ
၂၀၁၉ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့အခမ်းအနားကို ယနေ့နံနက် (၉)နာရီတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၂၁) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားကို နေပြည်တော်၊ အမှတ်(၂၂) အခြေခံပညာ အထက်တန်းကျောင်းမှ ဆရာဆရာမများက “ဆရာရဲ့ ကရုဏာ” သီချင်းဖြင့် သီဆိုဖွင့်လှစ်သည်။
ထို့နောက် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် အောက်တိုဘာ(၅)ရက်နေ့သည် ကမ္ဘာတစ်ဝန်းလုံးရှိ ဆရာများကိုဂုဏ်ပြုသည့် ကမ္ဘာဆရာများနေ့ဖြစ်ပါကြောင်း၊ ယခုနှစ်ဆောင်ပုဒ်သည် “လူငယ်ဆရာများခန့်ထားလို့ အနာဂတ်စွမ်းဆောင်ရည်မြှင့်တင်စို့”ဟူ၍ ဖြစ်ပါကြောင်း၊ နောင်အနာဂတ်တွင် တာဝန်ယူတာဝန်ခံ၍ ပူးပေါင်းဆောင်ရွက်တတ်ပြီး နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသော လူငယ်ဆရာ/ဆရာမ အင်အားစုများအဖြစ် ပြုစုပျိုးထောင်မွေးထုတ်ပေးရန် ကြိုးပမ်းကြရမည် ဖြစ်ပါကြောင်း။
ပြောင်းလဲလာသော ခေတ်နှင့်အညီ စိန်ခေါ်မှုအမျိုးမျိုးဖြင့် ကြုံတွေ့နေရသော မျက်မှောက်ကာလတွင် ကျောင်းသားများ၏ဘဝကို ထိန်းကျောင်းပေးရသည့် ဆရာများသည် ပို၍တာဝန်များပြားလာပါကြောင်း၊ တန်ဖိုးရှိသောဆရာများသည် ကျောင်းသားများ၏ အနာဂတ်စိန်ခေါ်မှုများကို ရင်ဆိုင်နိုင်ရေး အတွက်သင်ကြားသင်ယူမှု လုပ်ငန်းများအား ခွဲခြားမှုမရှိဘဲ ဆောင်ရွက်ပေးနေကြသည်မှာ လွန်စွာဂုဏ်ယူဝမ်းမြောက် ရပါကြောင်း၊ ၂၀၁၉ ခုနှစ် ကမ္ဘာ့ဆရာများနေ့အား ကမ္ဘာတစ်ဝန်း ကျင်းပကြရာတွင် အထိမ်းအမှတ်ပွဲများသာမက ပညာရေးကဏ္ဍ၏ အောင်မြင်မှုများအား ခြုံငုံသုံးသပ်ခြင်း၊ စွမ်းဆောင်ရည်မြင့်မားသော လူငယ်များအား ပညာရေးနယ်ပယ်ကအားကိုးရသည့် ဆရာဆရာမများဖြစ်လာအောင် ပြုစုပျိုးထောင်ပေးသည့် လုပ်ငန်းများဆောင်ရွက်ရေးတို့ကိုလည်း ဆွေးနွေးသုံးသပ်ကြပါကြောင်း။
အနာဂတ်ကမ္ဘာတွင် ဆရာဆရာမများကြုံတွေ့လာရမည့် သင်ယူမှုသင်ကြားမှုနည်းစနစ် မတူကွဲပြားခြင်း၏ စိန်ခေါ်မှုများအတွက်လည်း ပြင်ဆင်ပေးထားရန်လိုအပ်လျက်ရှိရာ လူငယ်ဆရာဆရာမများ၏ အားထုတ်မှု ပိုမိုလိုအပ်လာပါကြောင်း၊ မျက်မှောက်ခေတ် ၂၁ ရာစုတွင် Automation Technology, AI, IOT, Big Data စသည့်နည်းပညာများ အလျင်အမြန် ဖွံ့ဖြိုးတိုးတက်နေသည့်အတွက် ခေတ်နှင့်လိုက်လျောညီထွေသည့် အတွေးအမြင်သစ်ဖြင့် တီထွင်ဆန်းသစ်ဖန်တီးနိုင်စွမ်းရှိသည့် လူငယ်လူရွယ်များဆရာအလုပ်ကို ဝင်ရောက်ဆောင်ရွက်လာကြသည်ကို ဖွံ့ဖြိုးပြီးနိုင်ငံများတွင် တွေ့ရှိနေရပါကြောင်း၊ အနာဂတ် ကာလတွင် ကြုံတွေ့လာရမည့် ဆရာဆရာမ ဦးရေလျော့ပါးလာခြင်း၊ စာသင်ကျောင်းများတွင် ဆရာဆရာမမလုံလောက်ခြင်း၊ နည်းပညာအသစ်နှင့်သင်ကြားသင်ယူမှု နည်းစနစ်အသစ်များအား ရင်ဆိုင်ရခြင်း စသည့် စိန်ခေါ်မှုများကိုဖြတ်ကျော်နိုင်မည့် မျိုးဆက်သစ် လူငယ်ဆရာဆရာမများ၏ စွမ်းအားစုကို အသုံးပြုနိုင်ရေးသည် နိုင်ငံတော်၏ လိုလားချက်ဖြစ်ပါကြောင်း၊ ခေတ်နှင့် လိုက်လျောညီထွေ အမီလိုက်နိုင်မည့် လူငယ်ဆရာ/ဆရာမများကို အားကိုးအားထား ပြုရမည်ဖြစ်ပါကြောင်း၊ တိုးတက်ပြောင်းလဲလိုပြီး စိတ်အားထက်သန်သည့် လူငယ်လူရွယ်များ၏ အင်အားစုကိုဆရာဆရာမများအဖြစ် ပြောင်းလဲနိုင်မည်ဆိုပါကပညာရေး ကဏ္ဍအတွက် ခွန်အားများ တိုးပွားလာမည်ဖြစ်ပါကြောင်း။
ကမ္ဘာ့ဆရာများနေ့၏ ရည်ရွယ်ချက်အတိုင်း နေရာဒေသအသီးသီးတွင် ပညာရေး တိုးတက်မြင့်မားရေး ဆောင်ရွက်နေသည့် ဆရာများ၏ စွမ်းဆောင်ရည်အား နိုင်ငံတော်က အသိအမှတ်ပြု၍ ယခုလိုအခမ်းအနားများဖြင့် ဂုဏ်ပြုကျင်းပခြင်းဖြစ်ပါကြောင်း၊ ယနေ့ချိန်ခါတွင် နိုင်ငံတော်၏ အရည်အသွေးရှိသော ပညာရေးအတွက် နှစ်ပေါင်းများစွာ အခက်အခဲများ၊ လိုအပ်ချက်များ ရှိနေပါကြောင်း၊ ယင်းလိုအပ်ချက်များကို ဖြည့်ဆည်းပေးမည့် လူငယ်လူရွယ်ဆရာများအား ခန့်ထားတာဝန်ပေးအပ်ပြီး ၎င်းတို့၏ ခွန်အားစွမ်းဆောင်ရည်များဖြင့် နိုင်ငံတော်၏ပညာရေးကို မြှင့်တင်ပေးရမည့်အချိန်လည်း ဖြစ်ပါကြောင်း၊ "လူငယ် ဆရာများခန့်ထားလို့ အနာဂတ်စွမ်းဆောင်ရည် မြှင့်တင်စို့" ဆောင်ပုဒ်နှင့်အညီလူငယ် ဆရာများနှင့်ပညာရေးအား မြှင့်တင်ပေးကြပါစို့ ဟု တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့(၅)ဖွဲ့၏ အဖွဲ့ခေါင်းဆောင်များကပေးပို့သော စုပေါင်း သဝဏ်လွှာကို မြန်မာနိုင်ငံ ယူနက်စကိုအမျိုးသားကော်မရှင် အတွင်းရေးမှူးချုပ် ဒေါက်တာကြည်ရွှင်က ဖတ်ကြားသည်။
ယင်းနောက် ၂၀၁၉ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် ဗွီဒီယိုဖိုင်ကို ပြသပြီး ဆရာများအဖွဲ့ချုပ် အသီးသီး၏ကိုယ်စားလှယ်များက သဝဏ်လွှာများကို ဖတ်ကြားသည်။
ထို့နောက် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ပျဉ်းမနားမှ ကျောင်းသား ကျောင်းသူလေးများက အသီးတရာအညှာတစ်ခုသီချင်းဖြင့် ဂုဏ်ပြုဖျော်ဖြေတင်ဆက်သည်။
ထို့နောက် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် ဂုဏ်ထူးဆောင်ပုဂ္ဂိုလ်ကြီးများ၏ ဆောင်ရွက်မှု မှတ်တမ်းအကျဉ်းချုပ်ကို ပညာရေးသုတေသန၊ စီမံကိန်းနှင့်လေ့ကျင့်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းထွန်းက တင်ပြသည်။
ယင်းနောက် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာ မျိုးသိမ်းကြီးနှင့် တိုင်းရင်းသားရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်တို့က ၂၀၁၉ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် ဂုဏ်ထူးဆောင်ပုဂ္ဂိုလ်ကြီးများ၊ နိုင်ငံတကာ ပြိုင်ပွဲများတွင် ဆုရရှိသောဆရာများနှင့် အခြေခံပညာကျောင်းများတွင် ၂၀၁၉ ခုနှစ် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမြှင့်တင်မှု မှတ်တမ်းဆုရဆရာများအား ဂုဏ်ပြုဆုချီးမြှင့်ကြသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းနှင့် လွှတ်တော်ကိုယ်စားလှယ်များက ကျောင်းတက်ရက်မပျက်သော ဆရာများနှင့် ၂၀၁၉ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် ဆောင်းပါး၊ စာစီစာကုံး၊ ကဗျာ၊ ပိုစတာဆုရ ဆရာဆရာမများ၊ ကျောင်းသား ကျောင်းသူများအားဂုဏ်ပြု ဆုများချီးမြှင့်သည်။
ယင်းနောက် နေပြည်တော်၊ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသားကျောင်းသူများက “ပန်းပျိုးလက်” သီချင်းဖြင့် ဂုဏ်ပြုတင်ဆက်ကြသည်။
အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးများနှင့် ဧည့်သည်တော်များသည် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကာ ၂၀၁၉ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် ခင်းကျင်းပြသထားသော ပြခန်းများအား လှည့်လည်ကြည့်ရှုကြသည်။
ယနေ့ကျင်းပသည့် ၂၀၁၉ ခုနှစ်၊ ကမ္ဘာဆရာများနေ့အခမ်းအနားတွင် ဂုဏ်ထူးဆောင်ဆရာကြီး၊ ဆရာမကြီး(၁၂)ဦး၊ နိုင်ငံတကာပြိုင်ပွဲများတွင်ဆုရရှိသော ဆရာ (၃) ဦး၊ အခြေခံပညာကျောင်းများတွင် ၂၀၁၉ ခုနှစ်၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမြှင့်တင်မှု မှတ်တမ်းဆုရဆရာ(၁)ဦး၊ ကျောင်းတက်ရက် မပျက်ဆုရ ဆရာမ(၅)ဦး၊ ၂၀၁၉ ခုနှစ်၊ ကမ္ဘာဆရာများနေ့အထိမ်းအမှတ် ဆောင်းပါး၊ စာစီစာကုံး၊ ကဗျာ၊ ပိုစတာပြိုင်ပွဲများတွင် ဆုရဆရာဆရာမ၊ ကျောင်းသားကျောင်းသူ (၃၂)ဦးတို့အားဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


