စစ်တွေ  ၁   ဒီဇင်ဘာ

 

၂၀၁၉ ခုနှစ် ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ (World AIDS Day 2019) အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရခိုင်ပြည်နယ် စစ်တွေမြို့၊ ဦးဥတ္တမပန်းခြံအတွင်းရှိ ဦးဥတ္တမခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ စိုင်းဝင်းဇော်လှိုင်တို့က ၂၀၁၉ ခုနှစ် ကမ္ဘာ့ခုခံအား ကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အမှာစကားပြောကြားကြသည်။

 

ထို့နောက် တာဝန်ရှိသူများက ၂၀၁၉ ခုနှစ် ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ပန်းချီ၊ ကာတွန်းပြိုင်ပွဲများတွင် ဆုရရှိသူများကို ဆုများပေးအပ်ချီးမြှင့်သည်။

 

အခမ်းအနားကို``အေအိုင်ဒီအက်စ်ရောဂါ ကင်းဝေးရေး လူထုအားလုံး ပါဝင်ပေး´´ ခေါင်းစဉ်ဖြင့် ကျင်းပပြီး တေးသရုပ်ဖော်များနှင့် ဖျော်ဖြေရေး အစီအစဉ်များအပြင် ခုခံအားကျဆင်းမှု ကူးစက်ရောဂါပညာပေး ပြခန်းများနှင့် ဉာဏ်စမ်း ကစားနည်းများလည်း ပါဝင်သည်။

 

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်မှု၊ ပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၏ ဦးဆောင်မှုနှင့် ပြည်တွင်း ပြည်ပ အရပ်ဖက်လူမှု အဖွဲ့အစည်းများ၏  ပံ့ပိုးကူညီမှုတို့ဖြင့် အဆိုပါ အခမ်းအနားကို ကျင်းပခြင်းဖြစ်ပြီး  ပြည်သူများအနေဖြင့် AIDS ရောဂါနှင့်ပတ်သက်သည့် ဖြစ်ပွားမှု အခြေအနေသိကောင်းစရာများနှင့် ဗဟုသုတများအား အသိပညာရရှိစေရန်အပြင် ကျန်းမာရေးအသိပညာမြှင့်တင်သည့် အနေဖြင့် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

 

သတင်း-ဇော်ကြီး၊ ဓာတ်ပုံ-ဇင်ဦး(မြန်မာ့အလင်း)