ရန်ကုန် ၂၆ စက်တင်ဘာ
မြန်မာဝိုင်အမ်စီအေ အသင်းချုပ်၊ Habitat for Humanity Myanmar နှင့် ဗြိတိန်နိုင်ငံ အခြေစိုက် Sailor's Society အဖွဲ့တို့ ကြီးမှူး၍ ၂၀၁၉ ခုနှစ် ကမ္ဘာ့ရေကြောင်းနေ့ အထိမ်းအမှတ် ဟောပြောပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ (၁)နာရီက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ခန်းမတွင် ကျင်းပရာ မြန်မာဝိုင်အမ်စီအေ အသင်းချုပ် ဥက္ကဋ္ဌ ဦးသာစိန်၊ ရေကြောင်းညွှန်ကြားမှုဦးစီးဌာနမှ ပုဂ္ဂိုလ်များ၊ မိတ်ဖက် အဖွဲ့အစည်းများ ဖြစ်သည့် မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ သင်္ဘောသား အဖွဲ့အစည်း အသီးသီးမှ ကိုယ်စားပြု ကိုယ်စားလှယ်များ၊ အလှူရှင်အဖွဲ့အစည်းများမှ ဖိတ်ကြားထားသော ဧည့်သည်များ၊ သင်္ဘောသားများနှင့် မိသားစုများ တက်ရောက်ကြသည်။
အခမ်းအနားတွင် မြန်မာဝိုင်အမ်စီအေ အသင်းချုပ် အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်ဝင်းက မြန်မာဝိုင်အမ်စီအေ အသင်းချုပ် အနေဖြင့် ဆောင်ရွက်နေသော စီမံကိန်းများနှင့် ဆောင်ရွက်ရန်ရှိသော အစီအစဉ်များကို ရှင်းလင်းတင်ပြပြီး ပင်လယ်ရေကြောင်း သွားလာလုပ်သား မိသားစု အကျိုးပြု စီမံကိန်းမှ စီမံကိန်း မန်နေဂျာ ဒေါ်နွယ်နီလှိုင်က စီမံကိန်း၏ သင်္ဘောသားများနှင့် မိသားစုဝင်များအပေါ် ရည်ရွယ်ဆောင်ရွက်လျက်ရှိသော အကျိုးပြုလုပ်ငန်းများ ရှင်းလင်းတင်ပြသည်။
ထို့နောက် Uniteam Ltd rS Training Director ဆရာ ကပ္ပတိန် တင်မောင်ထွန်းနှင့် OSM Maritime Singapore မှ Group Supply Change Manager ဒေါ်သော်သော်ဟန်တို့က ယနေ့ ကျရောက်သော ကမ္ဘာ့ရေကြောင်းနေ့ အထိမ်းအမှတ်၏ ယခုနှစ်အတွက် သတ်မှတ်ထားသည့် ခေါင်းစဉ်ဖြစ်သည့် ]]Empowering Women in the Maritime Comunity}} နှင့် ဆက်စပ်ပြီး ရေကြောင်းလောက အတွေ့အကြုံများ၊ အသိပညာများကို ဟောပြောကြသည်။
၎င်းနောက် စီမံကိန်းမှ အကျိုးခံစားခဲ့ရသည့် သင်တန်းသားဟောင်းများ ဖြစ်ကြသော မမေမဒီအောင်နှင့် ကိုအောင်မျိုးဆွေတို့က စီမံကိန်း၏ လုပ်ငန်းများ အကျိုးပြုနိုင်ခဲ့သည်များကို ရှင်းလင်းပြောကြားပြီး မြန်မာဝိုင်အမ်စီအေ အသင်းချုပ် နှစ်သိမ့်အားပေး ဆွေးနွေးရေးစင်တာမှ Main Counsellor ဆရာမ ဒေါ်စုမြတ်ထက်က သင်္ဘောသားများနှင့် ၎င်းတို့၏ မိသားစုဝင်များ အနေဖြင့် ကြုံတွေ့နိုင်သော စိတ်ဖိစီးမှု၊ စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်များကို ပြန်လည်ကုစားနိုင်သော နည်းလမ်းအချို့များ၊ စိတ်ကျန်းမာရေး ရှုထောင့်ဖြင့် ဟောပြောပြီး အခမ်းအနား တက်ရောက်လာသူများ မှတ်တမ်းတင် ဓါတ်ပုံရိုက်ကြသည်။
အဆိုပါ ကမ္ဘာ့ရေကြောင်းနေ့ အခမ်းအနားအား ကမ္ဘာ့ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ရေကြောင်း အဖွဲ့အစည်းဖြစ်သော (IMO)က ချမှတ်ထားသော အမျိုးသမီးများ ရေကြောင်းကဏ္ဍ၌ ပါဝင်မှု မြှင့်တင်ရေးကို ကမ္ဘာတစ်လွှား ရှေးရှု၍ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ပြီး သတ်မှတ်ထားသော "Empowering Women in the Marintime Comunity" ခေါင်းစဉ်ဖြင့် ဟောပြောပညာပေး အခမ်းအနားများ ကျင်းပနိုင်စေရန် တစ်ကမ္ဘာလုံးရှိ ရေကြောင်းအဖွဲ့အစည်း အသီးသီးကို နှိုးဆော်ထားပါသည်။
(မြန်မာဝိုင်အမ်စီအေ အသင်းချုပ်)


