ရန်ကုန် ၁၆ ဇွန်
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး သည် ယနေ့နံနက်ပိုင်းတွင် အမျိုးသားသွေးဌာန၊ ရန်ကုန်သို့ သွားရောက်၍ သွေးလှူရှင်များ လှူဒါန်းသည့် သွေးများကို စနစ်တကျ လက်ခံခြင်း၊ စစ်ဆေးခြင်း၊ ထိမ်းသိမ်းထားသိုခြင်း၊ မှတ်တမ်းထားရှိခြင်းနှင့် ဆေးရုံများသို့ ဖြန့်ဖြူးဆောင်ရွက်နေမှုများ၊ ခေတ်မီကွန်ပျူတာစနစ်ဖြင့် ဆောင်ရွက်ထားရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် ဒုတိယညွှန်ကြားရေးမှူးချုပ် (အမျိုးသားသွေးဌာန) ဒေါက်တာ သီတာအောင်နှင့် ဂျပန်နိုင်ငံမှ စေတနာ့ဝန်ထမ်း IT ပညာရှင် Mr. Hiro Konishi တို့က အမျိုးသားသွေးဌာနတွင် လုပ်ငန်းဆောင်ရွက်နေမှုများ၊ ကွန်ပြူတာမှတ်တမ်းစနစ် အချက်အလက် ဆန်းစစ်သုံးသပ်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် သူနာပြုတက္ကသိုလ် (ရန်ကုန်) ၌ ကျင်းပသည့် (၂၀၁၉) ခုနှစ် ကမ္ဘာ့သွေးလှူရှင်များနေ့ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်သည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ယနေ့အခမ်းအနားသည် မွန်မြတ်သော စိတ်ဓာတ် စေတနာကောင်းများ ပိုင်ဆိုင်သည့် သွေးလှူရှင်များအား ဂုဏ်ပြုရန်၊ စေတနာသွေးလှူရှင်များ ပိုမိုတိုးပွားလာစေရန်နှင့် သွေးလိုအပ်ချက်ကို ရာနှုန်းပြည့် ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပါကြောင်း၊ ၂၀ဝ၅ ခုနှစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညီလာခံတွင် သွေးအုပ်စုစနစ်ကို ရှာဖွေတွေ့ရှိခဲ့သည့် သိပ္ပံပညာရှင်၏ မွေးနေ့ဖြစ်သော နှစ်စဉ်ဇွန်လ (၁၄) ရက်နေ့ကို ကမ္ဘာ့သွေးလှူရှင်များနေ့ အဖြစ်သဘောတူသတ်မှတ်ပေးခဲ့ပါကြောင်း။
ယခုနှစ် ကမ္ဘာ့သွေးလှူရှင်များနေ့၏ “သန့်စင်သောသွေး လူသားအားလုံးရရှိရေး (safe blood for all)” ဖြစ်ပြီး ပြည်သူများအနေဖြင့် စိတ်ချရသော သွေးသန့်များရရှိစေရေး အလေးထားဆောင်ရွက်ရန် တိုက်တွန်းနှိုးဆော်ထားခြင်း ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတစ်ဝန်းရှိ သွေးဌာနများအတွက် (၂၀၁၈-၁၉) ဘဏ္ဍာနှစ်အတွင်း ငွေကျပ် (၂ ဒသမ ၉၄) ဘီလီယံကို သွေးလှူးဒါန်းမှုဆိုင်ရာ အထောက်အကူပြု ပစ္စည်းများ ဝယ်ယူပေးခဲ့ပါကြောင်း။
အမျိုးသားသွေးဌာနအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးရှိ ဆေးရုံ (၁၄) ရုံအတွက် လိုအပ်သော သွေးသန့်များကို အပြည့်အဝပေးအပ်နိုင်ပြီး အခြားဆေးရုံများအတွက်လည်း ပေးအပ်လျက်ရှိပါကြောင်း၊ စာရင်းဇယားများအရ မြန်မာနိုင်ငံတွင် (၂၀၁၈) ခုနှစ်အတွင်း သွေးယူနစ်ပေါင်း (၄၃၈၀ဝ၀) ကျော် အသုံးပြုခဲ့ပြီး အဆိုပါ သွေးယူနစ်များတွင် စေတနာသွေးလှူရှင်များ၏ လှူဒါန်းမှုမှာ ၇၂ရာခိုင်နှုန်း ရှိပါကြောင်း၊ အဆိုပါသွေးယူနစ် များ၏ ၃၂ ရာခိုင်နှုန်းမှာ ရန်ကုန်တိုင်းဒေသကြီးအတွင်း အသုံးပြုခဲ့ခြင်းဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်က ဂုဏ်ပြုအမှာစကား ပြောကြားသည်။
ဆက်လက်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ မြန်မာနိုင်ငံ ဌာနေကိုယ်စားလှယ် Dr. Stephan Paul Jost က ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အရှေ့တောင်အာရှဒေသဆိုင်ရာ ညွှန်ကြားရေးမှူး၏ ဂုဏ်ပြုသဝဏ်လွှာကို ဖတ်ကြားပြီး ဒုတိယညွှန်ကြားရေးမှူးချုပ် (အမျိုးသားသွေးဌာန) ဒေါက်တာသီတာအောင်က အမျိုးသားသွေးဌာန၏ လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက အသက် (၁၈) နှစ်မှ (၂၇) နှစ်အတွင်း စဉ်ဆက်မပြတ် (၂၇) ကြိမ်မြောက် သွေးလှူဒါန်းသော စေတနာသွေးလှူရှင် (၃၃) ဦးရှိသည့်အနက် တက်ရောက်လာသည့် (၁၁) ဦးကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှု ဆိုင်ရာဌာနသို့ သွားရောက်၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆေးရုံများအတွက် ဗဟိုကျန်းမာရေးဓာတ်ခွဲခန်း (central health laboratory) အဖြစ် ယခုနှစ် ဇွန်လဆန်းမှ စတင်ဆောင်ရွက်နေမှုများကို ကြည့်ရှု၍ လိုအပ်သည်များ စီစဉ်ဖြည့်ဆည်းပေးခဲ့ပြီး ဓာတ်ခွဲခန်းများ၊ စက်ပစ္စည်းကိရိယာများ၊ သင်တန်းခန်းမများနှင့် ဇီဝလုံခြုံမှု အဆင့်မြင့် ဓာတ်ခွဲခန်း (high security laboratory - BLS 3) တည်ဆောက်ရန် မြေနေရာတို့ကို လှည့်လည်ကြည့်ရှုသည်။
ထို့နောက် ဒုတိယညွှန်ကြားရေးမှူးချုပ် (အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန) ပါမောက္ခဒေါက်တာဌေးဌေးတင်က ပြင်သစ် (AFD) ချေးငွေဖြင့်- ဇီဝလုံခြုံမှုအဆင့်မြင့် ဓာတ်ခွဲခန်း (high security laboratory - BLS 3) အသစ်တည်ဆောက်မည့် အစီစဉ်များ၊ အာရှဖွံ့ဖြိုးရေးဘဏ်၏ ချေးငွေဖြင့် GMS Health Security Project အဖြစ် ဆောင်ရွက်နေသော အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနအား နိုင်ငံတကာ အသိအမှတ်ပြု ISO လက်မှတ်ရရှိနိုင်စေရေး စီစဉ်ဆောင်ရွက်နေမှုများ၊ အမျိုးသားကျန်းမာရေးဆိုင်ရာ ဓာတ်ခွဲဌာနရှိ ဗဟိုကျန်းမာရေးဓာတ်ခွဲခန်း၊ သွေးနှင့်မျိုးရိုးဗီဇဆိုင်ရာ ဓာတ်ခွဲခန်း၊ ကပ်ပါးဗေဒဌာနခွဲ၊ ဗိုင်းရပ်ရောဂါဆိုင်ရာဌာနခွဲနှင့် မှိုရောဂါဆိုင်ရာဌာနခွဲတို့တွင် လုပ်ငန်းဆောင်ရွက်နေမှုများ၊ သွေးနှင့်ကင်ဆာအမျိုးအစားခွဲခြားခြင်း အထောက်အကူပြုနည်းပညာ ဆောင်ရွက်နေမှုများ၊ ဝန်ထမ်းရေးရာနှင့် အထွေထွေကိစ္စရပ်များကို တင်ပြသည်။
တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ဓာတ်ခွဲအဖြေများသည် ဆရာဝန်များ၏ ရောဂါကုသမှုများထိရောက်မှုအတွက် များစွာအရေးကြီးသည့်အတွက် အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန၏ လိုအပ်ချက်များကို ပထမဦးစားပေး အစီအစဉ်ဖြင့် ဖြည့်ဆည်းပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
(သတင်းစဉ်)


