၂၀၁၉ ခုနှစ်၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့ မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ဖွင့်ပွဲကျင်းပ

လွိုင်ကော်  ၁၃   ဧပြီ     

           

၂၀၁၉ခုနှစ်၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ မင်းစုရပ်ကွက်ရှိ မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်၌ ဧပြီ ၁၃ ရက်နေ့ ညနေ ၅ နာရီက ကယားပြည်နယ် လွိုင်ကော်မြို့ မဟာသင်္ကြန်ပွဲတော် မဟိုမဏ္ဍပ်ဖွင့်ပွဲကျင်းပရာ ကယားပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို နှင့်ဇနီး၊ ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးလှထွေးနှင့်ဇနီး၊ ပြည်နယ် လွှတ်တော် ဒုတိယဥက္ကဌ ဦးတင်မြင့်နှင့်ဇနီး၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ကယားပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်စည်သူ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ၊ ယိမ်းအကအဖွဲ့များ တက်ရောက်ကြသည်။

           

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက အဖွင့်အမှာစကား ပြောကြားပြီး မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်အား ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးလှထွေး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးမြင့်ဝေ၊ လမ်းပန်းဆက်သွယ်ရေးနှင့်လျှပ်စစ်ဝန်ကြီး ဦးခင်မောင်ဖြူ၊ စည်ပင်သာယာရေးနှင့်လူမှုရေးဝန်ကြီး ဒေါက်တာအောင်ကျော်ဌေးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် ယိမ်းအကအဖွဲ့(၁၃)ဖွဲ့တို့က "မန်းတောင်ရိပ်ခို" သီချင်းဖြင့် ကပြဖျော်ဖြေခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များက ယိမ်းအကအဖွဲ့များအား အတာရေ ပက်ဖျန်းခဲ့ကြသည်။

 

1

           

အဆိုပါ မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်၌ သင်္ကြန်ကာလ အကြိုနေ့မှစ နေ့စဉ် နံနက်၊ နေ့လယ်၊ ညများတွင် နိုင်ငံကျော် အဆိုတော်များက ဖျော်ဖြေတင်ဆက်သွားမည့်အပြင် ယိမ်းအဖွဲ့(၁၃)ဖွဲ့တို့ကလည်း ဖျော်ဖြေကပြယှဉ်ပြိုင်ကာ ပြိုင်ပွဲဝင်သွားမည်ဖြစ်သည်။ ယိမ်းအဖွဲ့များ၏ ကပြဖျော်ဖြေယှဉ်ပြိုင်ရာ ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆု များကို ဧပြီ (၁၆)ရက်နေ့ သင်္ကြန်အတက်နေ့တွင် ဆုများချီးမြှင့်သွားမှာဖြစ်ကြောင်း သိရသည်။

 

ကိုစိုင်း (လွိုင်ကော်)

 

1